ကျွန်မ ချစ်တဲ့ ပြည်မြန်မာ

ကျွန်မ ချစ်တဲ့ ပြည်မြန်မာ

နိုင်ငံပေါင်း ၁၀၀ ကျော်က ကျောင်းသားတွေ ရှိတဲ့ ကျောင်းမှာ တက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်တဲ့ ကျွန်မကို
နိုင်ငံမတူတဲ့၊ အသွေးအရောင်မတူတဲ့ သူငယ်ချင်းတွေ အချင်းချင်း မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက

“ဘယ် နိုင်ငံကလဲ ?” ဆိုတာပါ။

“မြန်မာပြည်ကပါ” လို့ တက်ကြွစွာ ဖြေလိုက်ပေမယ့် ဝမ်းနည်းဖွယ် ပြန်ကြားရတာက

“ဘယ်နားမှာ ရှိတာလဲ ။ စောရီး ငါမသိလို့ပါ” တဲ့။

မြန်မာနားမှာ ရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပြောပြတဲ့ အခါမှာတော့ သူတို့ မျက်လုံး အဝိုင်း သားလေးနဲ့ ခေါင်းလေး တဇက်ဇက် ညိတ်ရင်း

“အော်..သိတယ် သိတယ်။ မြန်မာက အဲ့ဒီ့နားမှာလား။ ခုမှသိတယ်” တဲ့။

အများစုက ဆက်ပြောကြပါတယ်။ “နိုင်ငံသေးလေးလား။ အဲ့ဒါကြောင့် ငါတို့ မသိတာလား” တဲ့

ကျွန်မက ဂုဏ်ယူစွာ ပြန်ဖြေလိုက်ပါတယ်။ “ဟင့်အင်း။ ဒို့ တိုင်းပြည်က သေးသေးလေး မဟုတ်ပါဘူး။
ငါတို့၊ နင်တို့ ခုကျောင်းလာတက်နေတဲ့ ဟော ဒီမလေးရှားထက်တောင် ကြီးသေးတယ် ” ဆိုတော့

တအံ့တသြ မျက်လုံးပင့်ပြီး ပြန်ကြည့်တယ်။ “ဟုတ်ရဲ့လား” ဆိုတဲ့ အမေးမျက်လုံးနဲ့ပေါ့။

သူတို့ ဘာမှမပြောခင် ကျွန်မ ထပ်ပြောတယ်။

“နင်သိလား။ ဒို့တိုင်းပြည်မှာ လူမျိုးပေါင်း ၁၀၀ ကျော် ရှိတယ်” ဆိုတော့

မျက်လုံးပြူးပြီး ပြန်ကြည့်တယ်။ သူတို့ လုံးဝ မယုံနိုင်ကြပါဘူး။ လူမျိုး ၃မျိုး ပဲရှိတဲ့ မလေးရှားနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ကလူမျိုးပေါင်း ရာနဲ့ချီတဲ့အတွက် အိမ်ထောင်စုကြီး တစ်ခုကြောင့် သွေးစည်းခိုင်မာခြင်းရဲ့ ပြယုဂ်တစ်ခုလို ဂုဏ်ယူစရာ အတိ။
သူတို့ မျက်လုံးတွေ ပြူး သွားတိုင်း ကျွန်မ ဂုဏ်ယူလို့ မဆုံး။

ဒါတို့ပြေ ဒါတို့မြေ တို့ ပိုင်တဲ့မြေ ဆိုတဲ့ နိုင်ငံတော် သီချင်းလေးတောင် ကျွန်မနားထဲ ပဲ့တင်ထပ်လို့လေ။

သူတို့ မျက်လုံး ပြူးလဲ ပြူးချင်စရာပဲ။
ကျွန်မထင်တယ်။ သူတို့ မကြားဖူးတဲ့ နိုင်ငံက ၊ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတွေထက်ကြီးတယ်။
လူမျိုးစုပေါင်း အံ့သြစရာကောင်းလောက်အောင် ရာကျော်ရှိနေတယ်။
ပြီးတော့ စစ်ဖြစ်တယ်ဆိုတာကို သူတို့ မကြားဖူးလို့သာ မြန်မာဆိုတာကိုမသိတာမို့ ဘယ်လိုများ ဒီလို လူမျိုးစုတွေ စုစည်း ညီညွတ်စွာ နေထိုင်ကြသလဲ အံ့သြသွားတာ ဖြစ်မယ်။

အရောင်မတူတဲ့ ခဲတံလေးတွေမှာ တန်ဖိုး ကိုယ်စီ ရှိကြတယ်။
ဘယ်ကာလာ ကဖြင့် လှတယ်။ ဘယ်ကာလာကတော့ အကြည်းတန်တယ်ဆိုပြီး ဘယ်သူ သတ်မှတ်ရဲသလဲ။
တန်ဖိုးချင်းမတူတော့ ဆုံးဖြတ်လို့ကို မရဘူး။

တန်ဖိုးချင်း မတူတာကပဲ အလှတစ်ခုဖြစ်နေတယ်ဆိုတာ အလှတရားကို ခံစားတတ်သူတိုင်း သိနိုင်တယ်။

ကောင်းကင်ထက်မှာ သက်တန့်လေးတွေ မြင်ရင် လူကြီးအပါ ကလေးမကျန် ပျော်ရွှင် စွာ မော့ကြည့် ဖူးကြမှာပါ။
သက်တန့်လေးလို ရောင်စုံလေးနဲ့ လှနေဖို့ ကာလာစုံမှ ဖြစ်မယ်။
ကာလာမတူဘူးဆိုပြီး ပစ်ပယ်လိုက်ရင် သက်တန့်လေး ဘယ်လှပ သက်ဝင် တော့မှာလဲ။
ကာလာ မတူလို့ကို သက်တန့်လေးက လှနေတာ။

သက်တန့်လေးလှဖို့ ကာလာစုံ ညီညာစွာ လက်တွဲ နေဖို့လိုတယ်။

တန်ဖိုးချင်း မတူတာကပဲ အလှတစ်ခု ဖြစ်နေတယ်ဆိုတာ ကျွန်မတို့ကို မိုးထားတဲ့ ကောင်း ကင်ကြီး က မကြာမကြာ အသိပေးနေကျ။

မြန်မာပြည်နဲ့ ဝေးနေတဲ့ ကျွန်မလေ။ အခွင့်အရေး ရတိုင်း မြန်မာပြည်ကိုပြန်တယ်။
အကြောင်းက ကျွန်မ မြန်မာပြည်ကိုချစ်လို့။ တန်ဖိုးထားလို့ပါ။

မြန်မာပြည်မှာ ပြာကျနေတဲ့ နေ့ရက်တွေ၊ မီးဟုန်းဟုန်းတောက်ပြီး အသက်၊ အိုးအိမ်တွေ၊ သံယဇာတတွေ၊ ချစ်ခြင်းတရားတွေပျက်စီးခဲ့တဲ့ မကြာသေးခင်က စခဲ့တဲ့ မုန်တိုင်းသံတွေ သောသောညံ့တိုင်း…..ပဲ့တင်သံတွေ ရိုင်းစိုင်းစွာ ရိုက်ခတ်လာတိုင်း…..
သက်တန့်ရောင်စုံလို ထွန်းလင်းလှပနေခဲ့တဲ့ မြန်မာပြည်ရဲ့ နေ့ရက်တစ်ချို့ဟာ မှိန်ပြပြ အတိတ် တစ်ခုများ ဖြစ်သွားပြီလား လို့ကျွန်မ တွေးမိတယ်။

သက်တန့်ရောင်စုံလို လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ဖူး တဲ့ မြန်မာပြည် ရဲ့ အေးချမ်းတဲ့နေ့ရက်ကလေးတွေကို ပြင်းပြင်းပြပြ လွမ်းမိတယ်။

သြော်…မြန်မာပြည်ကြီးရယ်…..။ သင့်ကောင်းကင်မှာ သက်တန့်တွေ ပျောက်ရှနေတာလဲ ကြာလှပေါ့။ နှမြောမိပါရဲ့တစ်ချိန်ချိန်တော့ တောက်ပ စိုတောက်နေတဲ့ ရောင်စုံ သက်တန့်လေးတစ်ခု တို့ပြည်ကြီးရဲ့ ကောင်းကင်ထက် ဝံ့ကြွားစွာ
ထွန်းလင်းနိုင်ဦးမှာပါ လို့ မျှော်လင့်မိတယ်။

နိုင်ငံမတူတဲ့ သူငယ်ချင်းတွေ ကြားမှာ ကျွန်မ မြန်မာပြည်ကပါလို့ အမြဲတမ်း ဂုဏ်ယူနိုင်စေဖို့………

မြန်မာ့မြေမှာ သွေးမစိုပါစေနဲ့။

မြန်မာပြည်ထောင်စုညီနောင်များရဲ့ ပါးပြင်မှာ မျက်ရည် မယိုပါစေနဲ့။

မြန်မာပြည်သူ၊ ပြည်သားများရဲ့ နှလုံးသားမှာ ရင်နာစရာတွေ မရှိပါစေနဲ့။

နိုင်ငံတော် သီချင်းထဲကလို

တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေသွားပါစေနဲ့

များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒ ဖြူစင်တဲ့ပြည်ကြီး ဖြစ်ပါစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s