ကျုပ်တိုင်းပြည် အတွက် ငိုရတယ် (ကဗျာ)

ကျုပ်တိုင်းပြည် အတွက် ငိုရတယ် (ကဗျာ)
ကဗျာ

အောက်တိုဘာ၊ ၂၅၊ ၂၀၁၂
M-Media
ရေးသူ- ဇော်မင်းထွေး

မြေပေါ် နဲ့ မြေအောက်၊ သယံဇာတ ကွယ်ပျောက်ယုံမက
သဘာဝပါ ငါးပါးမှောက်တော့မယ်၊ ရောင်းလိုက်ပုံများ
မှောင်လိုက်တဲ့အနာဂတ် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်
သန်းခေါင်ထက်ညဥ့်နက် နေခဲ့ပြီ၊ အဆင်ခြင်မဲ့ အပြုအမှု
ရမ်းကားတဲ့ အလွဲသုံးစားမှုကြောင့်၊ ဂေဟနဲ့ သဘာဝ
အရည်ပျက်ကာ စတေးခဲ့ရပေါ့

ဦးဏှောက်ကို ပုံစံရိုက်သွင်းဖို့
တည်ဆောက်ခရဲ့တဲ့ ပညာရေးစံနစ်
စူးစမ်းတဲ့ဥာဏ်ရည် ကို ရိုက်ချိုး
အတွေးခေါ် တွေကို အဆိပ်ခတ်ခဲ့ပြီးမှ
ကျောင်းပြီးခဲ့ ငါတို့ဘ၀တွေ၊ ဦးဏှောက်တွေ ပုံယွင်းနေခဲ့ကြ
ဒါတင်မက၊ မျိုးဆက်တစ်ခုရဲ့ အနာဂတ်ကိုပါ ပုံဖျက်ခံခဲ့ရပြီ
နေရာတကာကြည့်စမ်း…လူငယ်တွေ၊ လူငယ်တွေ ၊ရည်မှန်းချက်မဲ့ လူငယ်တွေ
ဟော..ကြည့် ..တရားရေးမဏ္ဍိုင်တဲ့

ဘယ်သူ့ အတွက် အနိုင် ဆိုတာ ငါတို့ အသိပေပဲ
ငါတို့တွေ ခိုကိုးရာမဲ့ကြတော့၊ မျက်ရည်သာ ခမ်းခြောက်သွားကြတယ်
ဖိနှိပ်ခံလမ်းက လွတ်မြောက်ဖို့၊ အတွေးတွေတောင်
မရဲရင့်ကြတော့ပြီ ၊ ဒါလားကွဲ့ ဒီမိုကရေစီ

ချောက်ထဲရောက်၊ ကျန်းမာရေးစံနစ်ကြောင့်
ရှင်သန်ရေး မျှော်လင့်ချက်၊ ငွေမရှိရင်ကျိုးပျက်ကြရပေါ့
ချိနှဲ့တဲ့၊ စံနစ်အောက်မှာ၊ အသက်တွေက မြက်ခြောက်တွေအလား
မပွင့်လန်းခင်၊ ကြွေနွမ်းကြရပြီ

ငါကြားဖူးခဲ့ဇာတ်လမ်းတွေ
တစ်ချို့များ၊ သေသာသေခဲ့ရ
ကုသမှု၊ မခံယူဘူးကြ ပြီ ဆိုလေရဲ့

ခုဆိုရင်လေ
ဖိနှိပ်မှုတရားအောက် အတွေးအခေါ်တွေလဲ သဂြို င်္လ် ခံခဲ့ရဖူးပြီ
မှိုင်းတိုက်တဲ့ ၀ါဒအောက်၊ ဦးဏှောက်ထဲ ကျပ်ခိုးပြည့် ပျက်သုဉ်းလုခဲ့ပြီ
ခက်ခဲတဲ့ ရှင်သန်ရပ်တည်ရေးအောက်၊ ဘ၀ပေါင်းများစွာ မြေမြုပ်ခံခဲ့ရပြီးပြီ
ရက်စက်တဲ့ ချုပ်ချယ်မှုများအောက်၊ ပါးစပ်ပေါက်ဟဖို့ကို ငါတို့မေ့တတ်ခဲ့ကြဘူးပြီ
မှိုတက်ဆဲ စရိုက် ဆိုးတွေအောက်၊ ကိုယ်ကျင့်တရားတွေလဲ ပျောက်ရှခဲ့ကြဘူးပြီ

ဒါပေမယ့်လဲ
ကတိလာ၊ ဒီမိုကရေစီတရားမှာ၊ ငါတို့ပျော်ကြဖို့ အံခဲကြဘူးတယ်
အပြောင်းအလဲ ဆိုတဲ့မျှော်လင့်ချက်ထဲ၊ စီးမြောလို့ ပျော်ဝင်ယစ်မှုးခဲ့
တန်းတူအခွင့်အရေး ရွှေအိပ်မက်ထဲ၊ အနာဂတ်ကိုနှစ်သိမ့်ဖူးခဲ့တယ်

သို့သော်လဲပေါ့
ပစ္စုပ္ပန်၊ ငါလည်ပြန် ကြည့်မိတော့
အား..သွေးတွေ…သွေး…….တွေ
အမုန်းဓါးချက်တွေအောက်၊ ဘ၀တွေတုန်းနေခဲ့ကြပြီ

အမျိုးသားရေး ၊ အခြောက်အလှန့်မှာ
ကျီးလန့်စာ ငါတို့ စားနေခဲ့ရပြီ
ခြေမြစ်မဲ့၊ မုသာဝါဒီ သတင်းမုန်တိုင်းတွေအဝှေ့မှာ
တို့ အနာဂတ်တွေ၊ လုဝှက် ခံခဲ့ကြရပြီး

အကွက်ဆင် အဓိကရုဏ်း တချို့ကြောင့်
ငါတို့ချင်း ၊ယုံကြည်ချက်တွေ ပျက်သုဉ်းလု ရင်ဆိုင်နေရပြီ

အခုဆို
လက်ညိုးတွေက ပြောနေကြတယ်
ငါက၊ အရင်က ဖြစ်ခဲ့တဲ့ငါ မဟုတ်ဘူးတဲ့။
ငါမွေးတဲ့မြေမှာ၊ ငါနေထိုင်ခွင့်မရှိဘူးတဲ့။
ငါအသက်ပေးချစ်တဲ့ တိုင်းပြည်ဟာ ငါ့နေရာမဟုတ်ဘူးတဲ့
ရင်နာတယ်ကွာ………

အဲဒီလက်ညိုးတွေက ငါ့ရင်ကိုဖေါက်လို့ နှလုံးသားကိုဒဏ်ရာပေးကြတယ်
အဲဒီလက်ညိုးတွေမှာ ငါချစ်တဲ့ လူတစ်ချို့ရဲ့ အရိပ်တွေပေကျံနေတယ်

ခင်ဗျားတို့သိလား
အသုံးချခံရတိုင်း၊ အကွက်ကျကျ ၀င်ကစားပေးကြတဲ့
ငါတို့ပြည်သူတစ်ချို့အတွက်၊ ငါငိုနေရတယ်

နောက်ပြန်လှည့်မှာကို မြင်သာနေရတဲ့
လမ်းကြောင်းတစ်ချို့က၊ လှည့်ပြန်ပြေးနိုင်ဖို့၊ ငါငိုနေရတယ်

ပွင့်လန်းစ၊ ဒီမိုကရေစီပန်း
အဆိပ်ရည်အလောင်းခံနေရတာကို၊ လက်ပိုက်ကာသာ
ကြည့်နေနိုင်တဲ့၊ ငါ့မျက်လုံးတွေအတွက်၊ ငါငိုနေရတယ်

ဘယ်တော့ချိုးဖျက်ခံရမယ်မှန်း
မသိနိုင်တဲ့၊ ငါတို့အနာဂတ်တွေအတွက်
ရင်ဘတ်ပွင့်လုမတတ် ၊နာကျည်းစွာ ငါငိုနေရတယ်
အဆိုးဆုံးက…ဗျာ

မှုန်ဝါးပြီး ပျောက်ကွယ်လုမတတ်ဖြစ်နေတဲ့
ငါချစ်တဲ့ တိုင်းပြည်ရဲ့ အနာဂတ်အတွက်….
နိုင်ငံကြီးတွေရဲ့၊ စားသုံးခံဖြစ်လာရမယ့်လက်ကျန် သယံဇာတတွေအတွက်
နုံနဲဆဲငါတို့ ပြည်သူတွေရဲ့၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အသိတွေအတွက်

ငါ..ငို…နေ…ရ…တယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s