ဒီမိုကရေစီအတွက် ရုန်းကန်ကြ – အမှတ်စဉ် (၁၀) မျိုးသန့်

ဒီမိုကရေစီအတွက် ရုန်းကန်ကြ – အမှတ်စဉ် (၁၀) မျိုးသန့်

တရားဥပဒေစိုးမိုးရေးဟာ ဒီမိုကရေစီစနစ်၏ အဓိက ကျောရိုးဖြစ်တယ်။ စနစ်တခုဆိုဒါဟာ တရားဥပဒေအပေါ်မှာ အခြေခံတည်ဆောက်ထားရန်လိုအပ်တယ်။ အကယ်၍ ပြုပြင်ပြောင်းလဲရန် လိုအပ်လျှင် အများဆန္ဒနဲ့ အညီ တရားဥပဒေအတိုင်း ပြုပြင်ရမှာပါ။ တကယ်လို့များ စနစ်တခုဟာ လူတဦးတယောက် (သို့မဟုတ်) လူတစုအပေါ်မှာသာ တည်ဆောက်ထားခဲ့မယ် ဆိုလျင်တော့၊ တမင်းတက်လျင် တမျိုးပြောင်းဆိုပြီး၊ အာဏာရှင်စနစ်အဖြစ် ကြီးနိုင် ငယ်ညင်းဖြစ်သွားတတ်တယ်။

အနည်းဆုံး အယူအဆ (၂) မျိုးတည်ရှိနေတယ်။ စည်းကမ်းတကျ အယူအဆတွင် – တရားဥပဒေစိုးမိုးရေးဟာ အခွင့်အရေးနှင့် မျှတမှုအပေါ်မှာ သုံးသပ် လုပ်ဆောင်ဒါမျိုး မဟုတ်ဘဲ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်း တရားဥပဒေစိုးမိုးရေးအတွက် လိုက်နာဆောင်ရွက်တယ်။ အရှိအတိုင်းအယူအဆမှာတော့ တိကျသော အခြေခံအခွင့်အရေးများ အပါအ၀င် တရားဥပဒေစိုးမိုးရေးကို ကျော်လွန်စေတယ်။ 

တရားဥပဒေစိုးမိုးရေးဆိုသော စကားရပ်ကို နောက်ကြောင်းပြန်ကောက်လျင် (၁၇) ရာစုနှစ်က ဖြစ်လာပုံရတယ်။ ဒါပေမယ့် (၁၉) ရာစုနှစ်လောက်တွင် ဗြိတိသျှ တရားဥပဒေရေးရာ ကျွမ်းကျင်သူနှင့် အခြေခံဥပဒေရေးရာ ဆင်ခြင်တွေးတော ယူဆချက်ထုတ်သူ ဒီဗီ ဒိစ်စီ၏ စွမ်းဆောင်ချက်ကြောင့် ပိုမို ရေပန်းစားလာခဲ့တယ်။ တရားဥပဒေစိုးမိုးရေးဆိုသော အယူအဆက ရှေ့ဟောင်း အတွေးအခေါ် ပညာရှင်များပြောကြားထားမှု့တို့ကြောင့် အနောက်နိုင်ငံတွေ၏ ဥပဒေရေးရာသမိုင်းကြောင်းတွင် ရင်းနှီးပြီးဖြစ်နေခဲ့တယ်။ ဥပမာ- ဥပဒေဖြင့် အုပ်ချုပ်သင့်သည်ဟု အရစ္စတိုတယ်လ် (ဂရိ အတွေးအခေါ် ပညာရှင်)က ရေးခဲ့တယ်။ ဆိုလိုသည်မှာတရားဥပဒေဆိုဒါက နိုင်ငံသားတိုင်း ဥပဒေလိုက်နာရမယ် ဆိုသော အယူအဆဖြစ်တယ်။

ဒီနေရာမှာ မတူညီသော အချက်တခုက အုပ်ချုပ်သူသည် ဥပဒေအထက်တွင် ရှိနေရမည်ဆိုသော အယူအဆမျိုးပေါ့၊ ဘုရားသခင်ပေးထားသော အရာဖြစ်တယ်။ ဘုန်းကံကြီးသောကြောင့်… ရှင်ဘုရင်ဖြစ်နေဒါ၊ ထို့ကြောင့် ဘုရင်အမိန့်ကို ပြည်သူတွေက အစဉ်နာခံရမယ်။ အုပ်ချုပ်သူက ဥပဒေအထက်မှာရှိနေတဲ့ သဘောပေါ့။

ဒါပေမယ့် ၎င်း၏ ဆန့်ကျင်ဘက်မှာ… တရားဥပဒေ စိုးမိုးရေး ဆိုလိုသည်က နိုင်ငံသားတိုင်း မည်သူမဆို ဥပဒေကို လေးစားလိုက်နာရေးဖြစ်တယ်။ ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ၊ မည်သူမျှ ဥပဒေအောက်တွင်လည်း မည်သူမျှ မရှိစေရ အဓိပ္ပါယ်က လူတိုင်းဟာ အတူတူဘဲစ်ြတယ်၊ ဥပဒေဖြင့် လူတိုင်းကို ကာကွယ်ပေးထားခြင်းဖြစ်တယ်။

သမိုင်းနောက်ခံ

ဗြိတိသျှ တရားဥပဒေရေးရာ ကျွမ်းကျင်သူနှင့် အခြေခံဥပဒေရေးရာ ဆင်ခြင်တွေးတော ယူဆချက်ထုတ်သူ ဒီဗီ ဒိစ်စီကို အမှတ်ပေးရမည်ဖြစ်သော်လည်း၊ တရားဥပဒေရေးရာကို ရှေ့ခေတ်ဂရိ၊ တရုတ်၊ မက်ဆိုတေးနီယား၊ အိန္ဒိယနှင့် ရောမတို့အပါအ၀င် လူ့ယဉ်ကျေးမှု့များပေါ်ပေါက်လာချိန်မှာပင် တစတစ တိုးတက်ဖွံ့ဖြိုးလာ ခဲ့ပြီးဖြစ်တယ်။

နိုင်ငံရေးသမားတွေ၊ တရားသူကြီးတွေနှင့် ပညာရှင်တွေက တရားဥပဒေ စိုးမိုးရေးကို ဖေါ်ပြကြရာတွင် သိမ်မွေ့လေးနက်မှုကိုဆောင်ကြောင်း ဖေါ်ပြကြတယ်။ တရားဥပဒေ စိုးမိုးရေး ဆိုဒါက ကျယ်ပြန့်တယ်၊ ကွဲပြားခြားနားသော အခြေနေတွေကို စည်းစနစ်ဖြင့် ထိန်းကျောင်းပြီး၊ တည်မတ်အောင် ဆောင်ရွက်ပေးတယ်။

ရှေ့နှစ်ပေါင်းများစွာကတည်းကပင်

အနောက်နိုင်ငံတွေတွင် ပေါ်ထွန်းခဲ့သည့် ရှေ့ခေတ်ဂရိတွေးအခေါ်ပညာရှင်များက ကောင်းမွန်သော အစိုးရအုပ်ချုပ်ရေး ပုံစံများကို ဇောင်းပေးပြောကြားခဲ့တယ်။ ဂရိအတွေးအခေါ် ပညာရှင်နှင့် သင်္ချာပညာရှင် ပလေတို က အဲဒီခေတ်က ဥပဒေ အထက်တွင် ရှိနေသော ဧကရာဇ်ာတို့ကို မိမိအကျိုးထက် တိုင်းသူပြည်သားအားလုံး၏ အကျိုးကို ကြည့်သော (အတွေး အခေါ်ပညာဖြင့် အုပ်ချုပ်ရေး) တိုင်ပြုပြည်ပြုမင်းများဖြစ်လာစေရန် တိုက်တွန်းခဲ့တယ်။ ဆက်လက်၍ ပလေတို က ဧကရာဇ်ာတို့အနေဖြင့် တည်ရှိနေသော ဥပဒေများကို လေးစားလိုက်နာရန် မျှော်လင့်ခဲ့တယ်။

ဥပဒေသည် အာဏာပိုင်တွေ၏ ပါးစပ်ထဲမှာသာ ရှိနေလျင် တချိန်တွင် ၎င်းနိုင်ငံဟာ ပျက်စီးသွားမှာ ဖြစ်တယ်။ အကယ်၍ အစိုးရသည် ဥပဒေအရ တည်ရှိနေပြီး၊ ဥပဒေကို အရှင်သခင်အဖြစ် သဘောထားလေးစားလျင် ၎င်းနိုင်ငံနှင့် ၎င်းနိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက် အကျိုးရှိပြီး၊ ဘုရားသခင်ကလည်း ကောင်းကြီးပေးမှာ ဖြစ်ကြောင်း ပလေတိုက ဆက်လက်၍ ရှင်းပြခဲ့တယ်။

ပလေတို ကြိုးပမ်းဆောင်ရွက်သည်ထက် အရစ္စတိုတယ်လ် (ဂရိအတွေးအခေါ်ပညာရှင်) က အဆင့်မြင့်သော အာဏာပိုင်းတွေဟာ မိမိတို့နိုင်ငံကို ထိန်းသိမ်းစောင့်ရှောက်မှု့မှ ပို၍ သော်လည်းကောင်း၊ သတ်မှတ်ထားသော ဥပဒေက လွဲ၍ သော်လည်းကောင်း၊ တခြားမည်သည့် အရာကိုမျှ မလုပ်ဆောင်ရန်နှင့် အကယ်၍ လုပ်ဆောင်မှု့များမှန်သမျှကို ဆန့်ကျင်ခဲ့တယ်။

အမိန့်အာဏာ ဆိုဒါ ဥပဒေဆီက လာရမယ်၊ မည်သူ တဦးတယောက်၊ တစုဆီမှ မလာစေရ။ အကယ်၍ လူတဦးတယောက်၊ တစုကို အာဏာ ပေးရမယ်၊ (ဒါမှ မဟုတ်) အာဏာကို ရယူ ရမယ် ဆိုလျင်၊ ၎င်း ပုဂ္ဂိုလ်တို့သည် ဥပဒေ၏ ခွင့်ပြုချက်ဖြင့်သာ ထိန်းသိမ်းပေးရမယ်။ ဆိုသော သဘောဖြစ်တယ်။

ရိုမန်နိုင်ငံခေါင်းဆောင် စီဆီလို၏ အဆိုအရ ကျွန်ုပ်တို့အားလုံးဟာ ဥပဒေ၏ အစေ့အပါးတွေသာဖြစ်တယ်။ ထိုအတွင်းမှာသာ လွတ်လပ်စွာ လုပ်နိုင်တယ်။ ရိုမင်ရီပတ်ဘလစ် (ခ်) ခေတ်က အငြင်းပွားဖွယ်ရာ ဥပဒေရေးရာကိစ္စတွေကို သက်တမ်းကုန်သွားချိန်မှာ တရားရုံးတင်လေ့ရှိတယ်။ ရိုမင်အင်ပါယာအောက်မှာဆိုလျင် အာဏာအမြင့်ဆုံးရှိသူတို့အတွက် ပုဂ္ဂိုလ်ရေးအရ အကာအကွယ်များရှိခဲ့တယ်။ ဒါပေမယ့် မဟုတ်မမှန်လျင် တရားရင်ဆိုင်ရတယ်။ 

ခရစ်တော်မပေါ်မှီ ဘီစီ (၃) ရာစုလောက်က တရုတ်ပြည်တွင် ဥပဒေကျောင်းတခုက ဥပဒေကို အုပ်ချုပ်ရေးကိရိယာအဖြစ် သုံးရန် စောဒကတက်ခဲ့တယ်။ သူတို့ပြောခဲ့ဒါက ဥပဒေ၏ အထက်တွင် အုပ်ချုပ်သူက ရှိနေရမယ်။ ဒါပေမယ့် အတွေးအခေါ်နှင့် ဘာသာရေးအစဉ်အလာရှိသော ကျောင်းနောက်တခုကတော့ အုပ်ချုပ်သူက ကိုယ်ကျင့်သိက္ခာရှိပြီး၊ ဥပဒေဖြင့်သာ ရှိရမယ်လို့ဆိုခဲ့တယ်။

အလယ်ခေတ်မှာ

(၁၂၁၅) ခုနှစ်မှာ အက် (ခ်) ဘိရှော့ စတီဖင် လမ် (ဂ်) တ (န်) က မြင့်မြတ်သော လူတန်းစားများ (မြေပိုင်ရှင်များ) ကို စုဝေးကာ၊ ဂျွန် လက် (ခ်) လန် ဘုရင်ကို ဖိအားပေးပြီး၊ အနာဂတ် အဆင့်မြင့်ခေါင်းဆောင်များနှင့် အရပ်ဘက်ဥပဒေရေးရာ အရာရှိများအားလုံးကို တရားဥပဒေစိုးမိုးမှု့တွင်ရှိစေခဲ့တယ်။ လွတ်လပ်မှု့အတွက် အာဏာရှိသူတွေက မထင်လျင် မထင်သလို လုပ်ဆောင်မှု့များမရှိစေရန်ဖြစ်၍ သက်ဦးစံပိုင်ဘုရင်စနစ်အတွက်တော့ စိန်ခေါ်မှု့တရပ် အင်္ဂလန်မှာ ဖြစ်ပေါ်ခဲ့တယ်။ အဲဒီအချက် အနာဂတ်မှာ စည်းမျဉ်းခံ ဘုရင်စနစ်၏ အစဖြစ်ခဲ့ပြီး၊ နောက်ပိုင်းမှာ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးတွင် ရေးဆွဲခဲ့သော အမေရိကန်အခြေခံဥပဒေ၏ အခြေခံအုတ်မြစ်လည်းဖြစ်လာခဲ့တယ်။

မျက်မှောက်ကာလများမှာ

အင်္ဂလန်မှာ ဘုရင့် အာဏာကို ပါလီမန်၏ လက်ထဲသို့ ရောက်ရှိခဲ့ပြီး၊ များမကြာမှီမှာ (၁၆၀၇) ခုနှစ်တွင် အင်္ဂလန် တရားရေး ဦးစီးချုပ် ဆာ အက်ဝပ် ခုတ် (ခ်) က ဘုရင်လည်း ဥပဒေအောက်မှာ ရှိရမယ်ဟု ပြောဆိုခဲ့တယ်။ ဘုရင်သည် လုံးဝဥဿုံ အာဏာရှိသူ မဟုတ် ဘုရားသခင်ကပေးလို့ဘုရင်ဖြစ်နေတယ်ဆိုလျင်တောင် ဘုရင်သည်လည်း ဥပဒေအတွင်းမှာ ရှိနေရမယ်၊ ဘုရင်အတွက်တော့ များစွာ ခံပြင်းခဲ့ စရာပါ။

အရှင်မင်းတို့၏ ဘိုးစဉ်ဘောင်ဆက်က အုပ်စိုးခဲ့သော နိုင်ငံတော်တွင် လွတ်လပ်မှုနဲ့သာယာဝပြောမှု ဆိုသည်ထက် သာလွန်ကောင်းမွန်သော အရာဟူး၍ မရှိပေ။ ၎င်းတို့ကို ရှေ့ဆောင်လမ်းပြပြီး၊ အုပ်ချုပ်နိုင်ရေးဟာ တရားဥပဒေစိုးမိုးမှု့ရှိမှသာ ဖြစ်ပါလိမ့်မယ်။ အကယ်၍ တရားဥပဒေမဲ့သော မသေချာမရေရာသည့် အစိုးရပုံစံဖြင့်တော့ လုံးဝဿုံ သာယာဝပြောသော လူ့ဘောင်တရပ်အဖြစ် ဖြစ် မလာနိုင်ပါ။  

အစောဆုံး တရားဥပဒေစိုးမိုးရေးကို လုပ်ကိုင်လာဒါက အင်္ဂလန်က ပါလီမန်တွေက (၁၆၁၀) ခုနှစ်က ဂျိမ်း (စ်) ဘုရင်ကို ဥပဒေဘောင်အတွင်းမှာသာ ရှိနေစေရန် ဖြစ်ခဲ့တယ်။

(၁၆၄၄) ခုနှစ်တွင် ဆမ်မြူ ရုသာဖို့(ဒ်) ၏ အစိုးရ အာဏာကို ကန့်သတ်ပြီး၊ နိုင်ငံသားများ၏ လွတ်လပ်မှုကို ကာကွယ်ထားသော အခြေခံဥပဒေဆိုင်ရာ အယူအဆကို မျက်မှောက်ခေတ် အာဏာပိုင်တွေအတွင်းမှာ အုတ်မြစ်ချခဲ့တယ်။ ဥပဒေ ကသာလျင် အရှင်သခင်ဖြစ်တယ်။ ဘုရင်ဟာ အရှင်သခင်ဖြစ်တယ် ဆိုသော အစဉ်အလာကို ပြောင်းပြန်လှန်ခဲ့တယ်။

ဂျွန်လော့ (ခ်) က (၁၆၉၀) ခုနှစ်တွင် ဆွေးနွေးတင်ပြချက်တရပ်တွင် အရပ်သားလူ့အဖွဲ့အစည်းကို အခြေခံထားပြီး၊ နိုင်ငံတခု၏ သဘောသဘာဝကို အစပြု၍တင်ပြခဲ့တယ်။ သောမတ် (စ်) ဟာဘီ (စ်)လူတဦးက တဦးကို တိုက်ပွဲဆင် စစ်ဖြင့်မကင်းသော နိုင်ငံ ဟု ဆိုသည် ထက် ပိုမိုပြီး၊ တည်ငြိမ်သော သဘောများကို တင်ပြခဲ့တယ်။ ၎င်းက လူတိုင်း လူတိုင်းသည် တန်းတူ ညီမျှစွာ ဘုရားသခင်က ဖန်တီးထားတယ်။

နောက်ပြီး လူ့ဘောင်တရပ်တွင် ယဉ်ကျေးမှုနှင့် ပိုင်ဆိုင်မှုတွေကို တည်ရှိစေပြီး၊ အစိုးရတရပ်ဟာ ပြည်သူတွေ၏ သဘောဆန္ဒဖြင့်သာ တရားဝင်တည်ရှိခွင့် ရှိတယ်။ ထို့ကြောင့် ပြည်သူ့တွေ၏ သဘောတူညီချက်မရှိဘဲနဲ့ အုပ်ချုပ်၍ မရဟု ဆိုတယ်။ ပြင်သစ်နိုင်ငံရေးဆိုင်ရာ အတွေးအခေါ် ပညာရှင်နှင့် ကျွမ်းကျင်စွာ ထောက်ပြပြောဆိုနိုင်သော မူတ (စ်) (ခ်) က ဥပဒေ၏ အသက်ဝိညာဉ် ဖြင့် အခြေခံဥပဒေဆိုင်ရာ အယူအဆကို ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ဆန်မြူ (လ်) ဂျွန်ဆင်က တရားဥပဒေစိုးမိုးရေး စကားစုကို  အဘိဓာန်ထဲတွင် ထည့်သွင်းရေးသားခဲ့တယ်။

အမျိုးအစားကွဲသော အဓိပ္ပါယ်ဖွင့်ဆိုမှုများ

မတူညီသော သူများက မတူညီစွာ ဥပဒေစိုးမိုးမှု့ကို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြတယ်။ အခြေခံအားဖြင့် (၃) မျိုး (၃) စားရှိနေတယ်။ (၁) စည်းကမ်းတကျ ချဉ်းကပ်မှု့၊ (၂) အရှိအတိုင်း ချဉ်းကပ်မှု့နှင့် (၃) အလုပ်ဖြစ်မြောက်စေသော ချဉ်းကပ်မှု့ တို့ဖြစ်တယ်။

စည်းကမ်းတကျ အဓိပ္ပါယ်ဖွင့်ဆိုမှု က အရှိအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုမှု ထက် ကျယ်ပြန်တယ်။ ဥပဒေဟာ အလားအလာကောင်းသော၊ လူတိုင်းသိရှိထားရသော၊ ယေပူယျကျသော၊ အရည်အသွေးရှိသော၊ တိကျသေချာသော စရိုက်လဏ္ခာများ ရှိနေရမယ်တဲ့။ ဥပဒေတွင်ပါဝင်သော အကြောင်းအရာများဟာ လို့အပ်ချက်များ မရှိစေရ။  ဥပဒေတွေက ဒီမိုကရေစီနှင့် တဦးချင်း အခွင့်အရေးများကို ကာကွယ်ပေးတယ်။ ဒါပေမယ့် နိုင်ငံအများပြားမှာ တရားဥပဒေစိုးမိုးကို အသိအမှတ်ပြုတယ်။ ဒါတွေက ဒီမိုကရေစီ (သို့မဟုတ်) တဦးချင်းအခွင့်အရေးများကို ကာကွယ်သော ဥပဒေရယ်လို့ မဟုတ်ပါဘူး။

အရှိအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုမှု့ကတော့ တရားဥပဒေစိုးမိုးမှု့က တချို့ (သို့မဟုတ်) အားလုံးသော တဦးချင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ပေးတယ်။

အလုပ်ဖြစ်မြောက်စေသော အဓိပ္ပါယ်ဖွင့်ဆိုမှု့က တရားဥပဒေစိုးမိုးမှု့ဟာ လူတစ်ယောက်က စိတ်တိုင်ကျအုပ်ချုပ်မှုအောက်မှာ ရှိနေသော တရားဥပဒေစိုးမိုးမှု့ဖြစ်တယ်။ အစိုးရအုပ်ချုပ်ရေး အရာရှိတွေမှာ အုပ်ချုပ်ခွင့်ရှိတယ်။ ထို့တရားဥပဒေစိုးမိုးမျိုးဟာ သိတ်အားရစရာမရှိပေ။ မတူညီချက်က အခြားတဖက်မှာတော့ တရားဥပဒေစိုးမိုးမှု့ အဆင့်အတန်းဟာ မြင့်မားစွာရှိနေတယ်။ တရားဥပဒေစိုးမိုးရေးဟာ ပျော့ပျောင်းရမယ့်အချိန်မှာ တချို့နေရာမှာ ပျော့ပျောင်းစွာ ဖြစ်နေတယ်။

တရားဥပဒေစိုးမိုးရေး၏ ရှေ့ခေတ်အယူအဆတရပ်က တရာဥပဒေစိုးမိုးမှုသည် ဥပဒေဖြင့် အုပ်ချုပ်ရေး၏ ဂုဏ်အင်္ဂါရပ်ဖြစ်တယ် ဟု နိုင်ငံရေးသိပ္ပံပညာရှင် လီရှင်ဂါက ဆိုတယ်။ ဒါပေမယ့် မတူညီသော အချက်က တရားဥပဒေစိုးမိုးရေးဟာ အာဏာကို အလွဲသုံးစားပြုသူတွေကို အမြဲဆန့်ကျင်နေတယ်။ ဒါပေမယ့် ဥပဒေစိုးမိုးရေးတွင် ဥပဒေကို အစိုးရတရပ်၏ ကိရိယာတခုအဖြစ်သုံး၍ နှိပ်ကွပ်မှုတွေရှိနေတတ်တယ်။

တရားရေးဆိုင်ရာစနစ်တွင် တည်ရှိနေသော အခြေအနေ

တရားဥပဒေစိုးမိုးရေဟာ နိုင်ငံတခု၏ အရည်အသွေးပြည့်ဝကောင်းမွန်သော အစိုးရတရပ်ဖြစ်ကြောင်းကို ပြသသည့် သော့ချက်တခုဖြစ်တယ်။ နိုင်ငံတခုတွင် အစိုးရ၏ မူဝါဒများ၊ ဥပဒေပြုအဖွဲ့အစည်းများနှင့် တရားရုံးတွေသည် ပေါ်ပေါက်လာသော ကိစ္စရပ်များကို ဘယ်လိုကိုင်တွယ် ဖြေရှင်းနေကြသည်ကို နိုင်ငံတကာ စံ နှုန်းများဖြင့် တိုင်းတာရမှာပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ၊ တရားသူကြီးချုပ်များနှင့် အထက်နှင့် အောက်လွှတ်တော်အသီးသီးအပါအ၀င် အာဏာပိုင်အဖွဲ့များအားလုံးက အခြေခံဥပဒေကို  ပထမဦးစားပေး ကတိပြု အလေးထား ထောက်ခံ ကာကွယ်ကြတယ်။ ဆိုလိုသည်က တရားဥပဒေစိုးမိုးရေးသည်အဓိကအဖြစ် နိုင်ငံကိုခေါင်းဆောင်သူက သိမြင်ပြီး၊ တချိန်ထဲမှာ ပြည်ထောင်စုအစိုး အနေဖြင့် ဆင်ဆင်ခြင်ခြင်ရှိနေရပြီ၊ လွှတ်တော်အနေဖြင့် အခြေခံဥပဒေကို ပေးထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အခြေခံဥပဒေက ကာကွယ်ပြဌာန်းထားသော နိုင်ငံသူနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို လေးစားရတယ်။

အာရှ

အရှေ့အာရှတွင် အခြေခံအားဖြင့် ကျောင်းနှစ်ကျောင်း၏ လွှမ်းမိုးမှုတို့ရှိနေခဲ့တယ်။ တခုက ကွန်ဖြူရှပ်အယူအဆ (လူဟာ သင်ရတယ်၊ ပြုပြင်ပြောင်းလဲနိုင်တယ်၊ မင်းတို့အနေဖြင့် ကျင့်ဝတ်နှင့်အညီ အုပ်ချုပ်ရေး) နှင့် နောက်တခုကတော့ ဥပဒေအယူအဆ (လူတိုင်း ဥပဒေအောက်မှာ ညီမျှစွာရှိပြီး၊ ဥပဒေနှင့်အညီ အုပ်ချုပ်ရေးဖြစ်ပြီး၊ အုပ်ချုပ်သူအစား ဥပဒေကို ကာကွယ်စောင့်ရှောက်သူသာ ရှိစေခြင်း) တို့ဖြစ်ကြတယ်။ ဒါပေမယ့် ကွန်ဖြူရှပ်ဝါဒကပင်း၊ နှစ်ပေါင်းရာထောင်ကျော်လွှမ်းမိုးနေတယ်။ ဟောင်ကောင်အခြေစိုက် အာရှ၏ လူ့အခွင့်အရေးကော်မရှင်၏ မှတ်ချက်တခုကတာ့ အာရှနိုင်ငံများတွင် တရားဥပဒေစိုးမိုးရေး အခြေအနေကတော့ အားနည်းတယ် (ဒါမှမဟုတ်) မရှိဖြစ်နေတယ် ဟု မှတ်ချက်ပြုထားတယ်။

နိုင်ငံတကာတရားရေးရာ ကော်မရှင်

(၁၉၅၉) ခုနှစ်တွင် နိုင်ငံပေါင်း (၁၈၅) နိုင်ငံများရှိသော တရားသူကြီးများ၊ ရှေ့နေများနှင့် ဥပဒေရေးရာပါမောက်ခများသည် အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ စုဝေးပြီး၊ နိုင်ငံတကာ တရားရေးရာကော်မရှင်၏ တရားဥပဒေစိုးမိုးရေး၏ အခြေခံမူများကို ဒေလီကြေညာစာတမ်းအဖြစ် ထုတ်ပြန်ကြေညာခဲ့တယ်။ ၎င်း ဒေလီကြေညာစာတမ်းတွင် တရားဥပဒေစိုးမိုးရေးတွင် တိကျသော အခွင့်အရေးများနှင့် တကျသော လွတ်လပ်မှု့များရှိနေကြောင်း ထုတ်ဖေါ်ခဲ့တယ်။ လွတ်လပ်စွာ တရားစီရင်မှု့ နှင့် အတူ လူတို့၏ ဂုဏ်သိက္ခာတို့တွင် လူမှု့ရေး၊ စီးပွားရေးနှင့် ယဉ်းကျေးမှု့အခြေအနေများဖြင့် ပံ့ပိုးပေးရန် တင်ပြထားတယ်။ ဒါပေမယ့် အဲဒီကြေညာချက်ထဲမှာတော့ ဥပဒေပြုရေးကို တရားရေးရာမှ စစ်ဆေးရေးကိုတော့ မဖေါ်ပြထားပေ။

ကမ္ဘာကုလသမဂ္ဂ

ကမ္ဘာ့ကုလသမဂ္ဂ၏ အခြေခံရည်မှန်း ဗဟိုပြုချက်သည် တရားဥပဒေ စိုးမိုးရေးဖြစ်တယ်။ ထို့ကြောင့် နိုင်ငံတခုချင်အလိုက်မှ နိုင်ငံတကာ အဆင့်အထိ တရားဥပဒေ စိုးမိုးရေး တည်ရှိစေရန် ကြိုးစားနေဒါကို တွေ့ရှိနိုင်တယ်။ အထူးသဖြင့် ပဋိပက္ခတွေ ချုပ်ငြိမ်းပြီးစ နိုင်ငံတွေနှင့် ဒီမိုကရေစီရေးအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေသော နိုင်ငံတွေတွင် ထိရောက်စွာ လူ့အခွင့်အရေးများကို ကာကွယ်ပေးဖို့နှင့် ရေရှည်ခံသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု့တို့ကို တည်ရှိစေရန်အလို့ဌာ၊ တရားဥပဒေ စိုးမိုးရေးဟာ မရှိမဖြစ် လိုအပ်နေဒါကို ထောက်ပြထားတယ်။ ၎င်းကို အခြေခံမူအဖြစ် တဦးချင်းအခွင့်အရေးများကို နိုင်ငံအစိုးရအနေဖြင့် တရားဝင်လူသိရှင်ကြားထုတ်ပြန်ပြီး ဥပဒေအရ တာဝန်ခံရန်၊ ဥပဒေများကို ညီမျှစွာ လိုက်နာရန်နှင့် တရားရုံးများတွင် လွတ်လပ်စွာ ကြားနားစစ်ဆေးခွင့်ရရှိပြီး၊ ဆုံးဖြတ်နိုင်ရန်တို့ဖြစ်တယ်။

ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က တရားဥပဒေ စိုးမိုးရေး၏ အနက်အဓိပ္ပါယ်ကို အောက်ဖော်ပြပါအတိုင်း ရှင်းပြထားတယ်။

ဥပဒေဖြင့် အုပ်ချုပ်ခြင်း၏ အခြေခံမူတခုက အစိုးရအပါအ၀င် လူတိုင်း၊ အဖွဲ့အစည်းအသီးသီး၊ အများနှင့် ပုဂ္ဂလိက အားလုံးတို့သည် ဥပဒေကို လိုက်နာရမည်။ ၎င်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေး စံ သတ်မှတ်ချက်များအတိုင်း လူသိရှင်ကြားလုပ်ဆောင်ရမည်။၎င်းတို့ကို ညီမျှစွာ လိုက်နာရမည်။ လွတ်လပ်စွာ သုံးသပ် ဆုံးဖြတ်ရမည်။ ဥပဒေ၏ အခြေခံမူနှင့် အရည်အချင်းတို့ဖြင့် ကိုက်ညီခြင်း၊ ဥပဒေ၏ အတွင်းတွင် အညီအမျှရှိခြင်းနှင့် ဥပဒေကို တာဝန်ခံခြင်းတို့ရှိရမည်။ ဥပဒေကို လက်တွေ့အသုံးပြုရာတွင် သန့်ရှင်းမှု့ရှိခြင်း၊ အာဏာများကို ခွဲဝေထားခြင်း၊ ဆုံးဖြတ်ဆောင်ရွက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှု့ရှိခြင်း၊ ဥပဒေရေးရာတွင် တိကျပြီး၊ ဥပဒေမဲ့မှု့များမရှိစေခြင်းနှင့် ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းများသည် ထင်သာမြင်သာရှိခြင်းတို့ရှိ ရမည်ဖြစ်သည်။

ကမ္ဘာ့တရားရေးရာ စီမံကိန်း၏ ဖေါ်ပြချက်တွင် အဖွဲ့အစည်းတရပ်အနေဖြင့် အဓိဠာန်ဖြင့်   တရား ဥပဒေစိုးမိုးရေးဖြစ်လာစေရေးအတွက် အခြေခံမူ (၄) ချက်ကို လိုက်နာရ မှာ ဖြစ်တယ်ဟု အသိအလင်းဖေါ်ပြထားတယ်။

(၁) အစိုးရတရပ်၊ အစိုးရအရာရှိကြီးများနှင့် အစိုးရဌာနဆိုင်ရာ အသီးသီးတို့သည် ဥပဒေအောက် တွင် မိမိတို့သော လုပ်ဆောင်ချက်များ မှန်သမျှကို တာဝန်ခံရမယ်၊ လူသိရှင်ကြား ရှင်းပြရမယ်။

(၂) ဥပဒေများသည် ရှင်းလင်းရမယ်၊ လူသိရှင်ကြားဖြစ်ရမယ်၊ မျှတပြီး တည်မတ်နေရ မယ်၊ နိုင်ငံသား တဦးချင်းအလိုက်နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှု့တို့ကို လုံခြုံစိတ်ချရေးတို့အပါအ၀င် အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရမယ်။  

(၃) ဥပဒေ၏ ပြဌာန်းချက်အတိုင်း လိုက်နာ စီမံ ဆောင်ရွက်ရမယ်၊ ဥပဒေဖြင့် အာဏာ တည်စေပြီး၊ လက်တွေ့ သက်ရောက်ရမယ်၊ ၎င်းတို့ကို လွယ်ကူစွာ လူတိုင်း သိရှိနိုင် ရမယ်၊  သန့် ရှင်း ရမယ်၊ ပြည့်စုံ ရမယ်။  

(၄) တရားရေးတွင် စံချိန်နဲ့ ကိုက်ညီအောင် လုပ်ဆောင်ရမယ်၊ လွတ်လပ်ရမယ်၊ သိက္ခာရှိသော ကြားနာစစ်ဆေးမှုများဖြစ်ရမယ်၊ ရှေ့နေ၊ ကိုယ်စားလှယ်နှင့် တရားရေးဆိုင်ရာ အရာရှိ တို့သည် လုံလောက်သော အရည်အတွက်ဖြင့် ထားရှိရမယ်၊ ပြည့်စုံသော အထောက်အကူများကို ရရှိရမယ်၊ အခြေအနေအမှန်အတိုင်း ရောင်ပြန်ဟတ်ရမယ်။ စသည်တို့ဖြစ်တယ်။

အချုပ်အားဖြင့်ဆိုသော် တရားဥပဒေစိုးမိုးရေးသည် လူတိုင်း ဥပဒေ အထက်နှင့်   အောက်တွင် မည်သူမျှမရှိစေရေးဖြစ်တယ်။ ဥပဒေအတွင်းမှာသာ လူတိုင်း သာတူ ညီမျှ ရှိစေရေးများဖြစ်တယ်။ ဥပဒေသည် နိုင်ငံသူနိုင်ငံသားတို့၏ အကျိုးကိုကာကွယ်ပေး ရမှာဖြစ်ပြီး၊ လူတွေကို ဖိနှိပ်ချုပ်ချယ်ထားဒါမျိုး မရှိစေရေးဖြစ်တယ်။  ဥပဒေဆိုဒါ အုပ်ချုပ်သူတွေ ၏ ပါးစပ်က ထင်သလို လုပ်၍ မရ၊ တရားဥပဒေက ခွင့်ပြုချက်အရ အုပ်ချုပ်ရမှာဖြစ် တယ်။ တရား ဥပဒေစိုးမိုးရေးသည် နိုင်ငံသူနိုင်ငံသားတွေ၏ အခြေခံ လူ့အခွင့်အရေးများနှင့် တာဝန်ဝတ္တရား များဖြစ်ကြ၍ အစိုးရက မိမိနိုင်ငံသူနိုင်ငံသားများ၏ အခြေခံနှင့် လူအခွင့်အရေးများ ကို ကာကွယ်ပေး ရမည်သာ ဖြစ်တယ်။ ထို့ကြောင့် အခြေခံဥပဒေသည် တရားဥပဒေစိုးမိုးကို အာမခံထားသော အခြေခံဥပဒေဖြစ် ရမည်သာ ဖြစ် တယ်။

ဆက်ရန်…မျှော်..

မှတ်ချက်။ ။ အောက်ဖေါ်ပြပါ အခြေခံဥပဒေဟု ဆိုရာဝယ် (၁) နှင့် (၂) ကို ဆက်လက်ဖတ်ရှုပါရန် လင့် (ခ်) ကို ပေးထားပါတယ်။

အားလုံးကို ကျေးဇူးတင်လျှက် –  မျိုးသန့် –

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s