ကျွန်မဖေဖေ

ထိုစဉ်က ဝါတွင်းအချိန်ဖြစ်သောကြောင့် ကျွန်မတို့ မြို့မကျောင်းသည် ဝါပအချိန် စနေ၊ တနင်္ဂနွေနှင့် ဥပုသ်နေ့တွင် နေ့ပြောင်း၍ ကျောင်းပိတ်ပါသည်။ ထို့ကြောင့် စနေနေ့က ကျွန်မတို့ ကျောင်းတက်ကြရပါသည်။ အခါတိုင်း ကျောင်းအားသော စနေနေ့များ၌ အစ်ကိုသည် ဖေဖေနှင့်အတူ အတွင်းဝန်များရုံးသို့ လိုက်ပါနေကျဖြစ်သော်လည်း ယခုတော့ ကျောင်းတက်နေသည်ဖြစ်သောကြောင့် မလိုက်ပါနိုင်တော့။ အစ်ကို့အတွက် ကံကောင်း၍ပေလောဟု မှတ်ထင်ရ၏။

ထိုနေ့က မိုးမှာ တစိမ့်စိမ့်သွန်းဖြိုးလျက်ရှိရာတွင် ခါတိုင်းလို ကျောင်းစာများ၌ပင် စိတ်ဝင်စား၍မရနိုင်အောင် ငြီးငွေ့နေမိသည်ဟု ထင်မိပါသည်။ အဘယ့်ကြောင့်ဟု မဆိုနိုင်သော်လည်း ထိုနေ့သည် နေရထိုင်ရသည်မှာ အခါတိုင်းလိုမဟုတ်၊ ပျော်ပျော်ရွှင်ရွှင်မရှိ၊ တစ်မျိုးပင်ဖြစ်လို့နေသည်။

သို့သော် နေ့လည်တစ်နာရီတွင် ကျောင်းအုပ်ကြီးဦးဘလွင်က ကျွန်မတို့ မောင်နှမနှစ်ယောက်ကို ကျောင်းကားဖြင့်  အိမ်သို့ပြန်ပို့လိုက်၏။ ဘာကြောင့်ရယ်မသိရသော်လည်း စာသင်ရခြင်းကို ငြီးငွေ့နေစဉ် အိမ်ပြန်ပို့ခြင်းအတွက်တော့ ကလေးတို့သဘာဝ ကျေနပ်ခဲ့မိပါသည်။ ထို့ကြောင့်ပင် ကျွန်မတို့မောင်နှမနှစ်ယောက်ကိုသာ ထူးထူးခြားခြား ဘာကြောင့်ပြန်ပို့ပါလိမ့် ဟူသောအချက်ကိုပင် လေးလေးနက်နက် မတွေးမိတော့ပါ။

အိမ်သို့ရောက်သောအခါမှာတော့ စိတ်တွင်း၌ထူးခြား၍သွားသည်။ မေမေသည် မျက်ရည်စက်လက်နှင့် ရှိနေရာမှ ကျွန်မတို့မောင်နှမနှစ်ယောက်ကို မြင်လိုက်သောအခါ ချုံးပွဲချ၍ ငိုပါသည်။ အနားတွင်ရှိနေသော မြန်မာမွတ်စလင် အမျိုးသမီးကြီးများက ဝိုင်းဝန်း၍ နှစ်သိမ့်အားပေးစကား ပြောနေကြသည်ကို တွေ့ရပါသည်။ ကျွန်မတို့ ကလေးနှစ်ယောက်မှာတော့ ဘာမျှနားမလည်၊ ငေး၍သာနေကြ၏။ ထိုအခါ ဒေါ်ဒေါ်က ကျွန်မတို့နှစ်ယောက်အား အပေါ်ထပ်သို့ ခေါ်၍သွားပါသည်။ နေ့လယ်ချိန်တစ်ချိန်လုံးမှာပင် ကျွန်မတို့ အပေါ်ထပ်၌ အချိန်ကုန်ရ၍ ညနေစောင်းတွင် ကျွန်မသည် နေ့စဉ်ပြုနေကျ ဝတ္တရားတစ်ခုကို ဆောင်ရွက်ရန် မျှော်လင့်နေမိပါသည်။

ညနေပိုင်း ဖေဖေရုံးမှ ပြန်လာပြီဆိုလျှင် အမြဲပင် ကျွန်မက ဆီး၍ ဖိနပ်ချွတ်ပေးရသည်။ နောက် ဖေဖေက မောင်လေးကို ချီထားလျက် သားသမီးသုံးယောက်ဖြင့် ပျော်ပါးစွာ ညနေချိန်ကို ကုန်လွန်စေသည်သာဖြစ်ပါ၏။

ကျွန်မမှာ လည်ပင်းရှည်လှပါပြီ၊ အခါတိုင်းရောက်နေကျ အချိန်မှ အများကြီး လွန်လာသည့်တိုင်အောင် ဖေဖေက ပြန်မရောက်သေး။ ကျွန်မက ဖိနပ်ချွတ်ပေးရန် စိတ်စောနေသည်။

“ဒေါ်ဒေါ် ပါပါခုထက်ထိမရောက်သေးဘူး၊ ဘာဖြစ်လို့လဲဟင်”
ကျွန်မ၏အမေးကို ဒေါ်ဒေါ်က ရုတ်တရက် ပြန်မဖြေနိုင်ပါ၊ အတော်ကြာငိုင်နေပြီးမှ “ပါပါ ရုံးလှေခါးက ချော်ကျလို့ ဆေးရုံတင်နေရတယ် ကလေးရဲ့” ဟု အဖြေပေးပါသည်။ သို့ဖြင့် ကျွန်မမှာ ဖေဖေအား ဖိနပ်ချွတ်၍ပေးနိုင်ခွင့် မရတော့ပါပြီ။ ညသို့ရောက်ပြီဆိုလျှင်လည်း ဖေဖေကို အမှတ်မရ၍ မဖြစ်နိုင်ပါ။ ရေဒီယိုမှ သီချင်းလာပြီဆိုလျှင် ဖေဖေက ကျွန်မကို အကခိုင်းသည်။ ကျွန်မကလည်း တစ်ခါကရလျှင် ပုံတစ်ပုံပြောခိုင်းသည်။ ပျော်ရွှင်ကြည်နူးစွာ နေခဲ့ရသော အချိန်များမှာ လွမ်းဆွတ်စရာ ကောင်းလှပါတော့သည်။

ဖေဖေမှာ အသက် ၄ဝ ခန့်ရှိမှ အိမ်ထောင်ကျ သားသမီးရသည်ဖြစ်သောကြောင့် ကျွန်မတို့ မောင်နှမသုံးယောက်ကို အလွန်ချစ်သည်။ အမြဲတမ်း လက်ပွန်းတတီးနေသည်။ အငယ်ဆုံး နို့စို့အရွယ်မောင်ငယ်ကလေးက မသိတတ်လှသေးသော်လည်း ကျွန်မနှင့် အစ်ကိုကတော့ အချိန်ရသမျှ ဖေဖေနှင့် တပူးတွဲတွဲနေကြပါသည်။

နေ့စဉ် နံနက်မျက်နှာသစ်ချိန်တိုင်း ဖေဖေက ကိုကို့ကို လက်ဝှေ့ထိုးသင်ကြားပေးလေ့ရှိပါသည်။ ထိုသို့ ရင်းရင်းနှီးနှီးနေခဲ့ကြသည်နှင့်အညီ အဖေကိုချစ်သောကလေးများဖြစ်၍ ကျွန်မတို့မောင်နှမက ဖေဖေ့အကြောင်းကို တစ်မေးတည်းမေး၍လာကြရာ သြဂုတ်လအတွင်းရောက်မှပင် ဖေဖေနှင့် ဗိုလ်ချုပ်အောင်ဆန်း အစရှိသော ခေါင်းဆောင်ကြီးများသည် ဇူလိုင်လ ၁၉ ရက်နေ့ မသမာသူ လူတစ်စု၏ လက်ချက်ဖြင့် ကျဆုံးခဲ့ကြပြီဆိုသော အကြောင်းကို သိရပါတော့သည်။

ထိုအခါ အခြားကျဆုံးခဲ့သော ခေါင်းဆောင်များ၏ ရုပ်ကလာပ်တို့ကို ဂျူဗလီဟော၌ မြင်နိုင်သေးသော်လည်း ဖေဖေမှာမူ ကျွန်မတို့ ဘာသာတရားအရ ကွယ်လွန်ပြီးလျှင်ပြီးချင်းပင် သင်္ဂြိုဟ်ခဲ့ရသည်ဖြစ်၍ မြင်ရနိုင်စွမ်းမရှိတော့ပါပြီ။

ညတိုင်းဖိနပ်ချွတ်ပေးရန်မျှော်ခဲ့ရသော ဖေဖေ၊ ကျွန်မတို့ချစ်သော ရေဒီယိုသီချင်းဖြင့် အကခိုင်းပြီး ပုံပြောတတ်သော ဖေဖေ၊ ကျွန်မတို့ချစ်သော ဖေဖေနှင့် လူမသမာတို့လက်ချက်ကြောင့် တစ်သက်တာ ကွဲကွာခဲ့ရပါပြီ။

“တို့ဆရာကြီးရာဇတ် မရှိတာ နာတာပဲ” ဟူသော စကားစုကို ယခုအခါ ဖေဖေ၏ တပည့်များက စကားစပ်မိတိုင်း ပြောကြပါသည်။ သစ်ပင်တစ်ပင်မှာ သဘာဝအလျောက် ရှင်လျက်ရှိစဉ်ထက် သေ၍ပြိုလဲကာရှိနေမှ ထိုသစ်ပင်၏ အရှည်အတိုင်းအတာကို ပို၍တိကျသေချာစွာ သိမြင်သလိုပင် ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ဖေဖေကွယ်လွန်ပြီးမှပင် ဖေဖေ၏ ဂုဏ်ကျေးဇူးတို့ကို ပို၍သိကြရပါတော့သည်။

ဖေဖေကွယ်လွန်စဉ်က အသက် (၅၁) နှစ်မျှသာရှိသေး၍ မည်သည့်အနာရောဂါမျှလည်း မရှိသောကြောင့် သက်တမ်းစေ့ နေရမည်ဆိုလျှင် တိုင်းပြည်တာဝန်ကို ဆက်လက်၍ ထမ်းဆောင်နိုင်ဦးမည်ဖြစ်၏။ ဖေဖေသည် ငယ်စဉ်ကပင် ဘောလုံးနဲ့ လက်ဝှေ့တို့ကို လေ့လာကစားခဲ့သည်။ ကောင်းမွန်ကျွမ်းကျင်စွာ တတ်မြောက်သည်။ အထူးသဖြင့် ဂေါ့ဖ်ရိုက်ခြင်းကို အထူးနှစ်သက်ခဲ့ပါ၏။ ကစားခုန်စားဖက်၍ ဝါသနာပါသော်လည်း စာပေဖက်တွင်လည်း မညံ့ဖျင်းပါ။ အသက် ၂ဝ အရွယ်မှာပင် ဘီအေအောင်မြင်၍ ဇာတိ မန္တလေးရှိ အမျိုးသားကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ လူငယ်ပေါင်းများစွာတို့၏ စိတ်ဓာတ်ကို ပြုပြင်ပေးခဲ့ပါသည်။

ဖေဖေ၏ အရည်အချင်းနှင့် မျိုးချစ်စိတ်ကို သိရှိသော ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ခေတ်မှ အစပြုကာပင် ဖေဖေ့အား နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းခေါ်ဆောင်လာသဖြင့် ဖေဖေသည် နိုင်ငံရေးနယ်တွင်းသို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်အပြီးတွင် ဖဆပလအလံတော်အောက်မှ လွတ်လပ်ရေးကို ရယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့်ပင် လက်တွဲဆောင်ရွက်ရင်းဖြင့် နောက်ဆုံး ဗိုလ်ချုပ်အစိုးရအဖွဲ့တွင် ပညာရေး၊ အမျိုးသားစီမံကိန်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူကြိုးပမ်းနေခိုက် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျဆုံးခဲ့ရခြင်းဖြစ်ပါတော့သည်။

ကစားခုန်စားနယ်မှ ဘောလုံးဝိဇ္ဇာ ဘကြူးသည်လည်းကောင်း၊ နယ်မည်ကျော် လက်ဝှေ့ ကျားဘငြိမ်းနှင့် ချစ်အုန်းတို့သည်လည်းကောင်း၊ အနုပညာနယ်ဆိုလျှင်လည်း ယိုးဒယားက အလွန်တော်သော ယခု ကမ္ဘာလှည့်နေသူ အမ်အေဒေါ်အုန်း၊ အမ်အေ ဒေါ်တင်လှ တို့အပြင် အဆိုတော် ကိုအံ့ကြီး၊ ကိုဗစိန်၊ ကိုလှထင်နှင့် ရွှေဂုံမြို့မ အဖွဲ့ဝင်အချို့တို့အပြင် နိုင်ငံရေး နယ်ပယ်နှင့် မြန်မာ့သားကောင်း စစ်မှုထမ်းများ၌လည်း ဝန်ကြီး ဦးခင်မောင်ကလေး၊ သခင်ဗဟိန်း (ကွယ်လွန်သူ) နှင့် မြေပြင်ပစ် အမြောက်တပ်မှ ကာနယ်ဘရွှေ၊ ဗိုလ်ကြီးခင်ညို၊ ဗိုလ်ခင်မောင်ကြည်၊ ဗိုလ်မှူးတင်အောင်၊ ဗိုလ်တင်ရွှေတို့သည်လည်းကောင်း၊ ဖေဖေ၏ တပည့်သားမြေးများ ဖြစ်ကြပါသည်။

ဖေဖေအသက်ရှိစဉ်က ကိုယ့်တိုင်းပြည်အကျိုးကို သယ်ပိုးခဲ့ရုံမျှမက ခုထက်တိုင်အောင်လည်း ဖေဖေ့အစွယ်အပွားများက တိုင်းပြည်တာဝန် ထမ်းဆောင်လျက်ရှိကြပါသည်။ ဖေဖေ၏ အကျင့်စာရိတ္တကောင်းသော အပြုအမူတို့ကြောင့်လည်းကောင်း၊ အများပြည်သူတို့၏ မေတ္တာ၊ စေတနာတို့ကြောင့်လည်းကောင်း ဖေဖေသည် ယခုအခါတွင် ကောင်းရာသုဂတိသို့ ရောက်ရှိနေပေတော့မည်ဟု ယုံကြည်ပါသော်လည်း ကျွန်မတို့အတွက်မှာမူ “ရွှေတောင်ကြီး” ပြိုလဲကွယ်ပျောက်သွားသည်နှင့်ပင် တူပါတော့သတည်း။

ခင်ခင်စိန်
သွေးသောက်မဂ္ဂဇင်း၊ ၁၉၅၄၊ ဇူလိုင်။
(ကျွန်မတို့အဖေ ကျွန်မတို့အမေ၊ ၂၀၁၂၊ ပင်လယ်ပြာပြာစာအုပ်တိုက် – မှ ပြန်လည် ဖော်ပြပါသည်။)

(စာရေးသူ ဒေါ်ခင်ခင်စိန်သည် ဆရာကြီး ဦးရာဇတ်၏ သမီးဖြစ်ပြီး ဆရာကြီး ကွယ်လွန်စဉ်က အသက် ၇နှစ်မျှသာ ရှိသေးကာ  အသက် ၁၃နှစ် အရွယ်တွင် ဤဆောင်းပါး ရေးခဲ့ခြင်း ဖြစ်ပါသည်။ လက်ရှိ သြစလေးလျနိုင်ငံတွင် နေထိုင်လျက်ရှိပြီး အေးတည်ငြိမ် အမည်ဖြင့် စာနယ်ဇင်းများတွင် စာရေးသားလျက် ရှိပါသည်။)

ကိုကျော်မိုးအောင် FB စာမျက်နှာမှ ပြန်လည်မျှဝေပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s