ဆရာကြီးသာရှိခဲ့ရင်

မြတ်ထူးရာဇတ်

Source: http://www.myanmarij.com/?p=4459

ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဦးရာဇတ် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို လူမှန်း သိတတ် ကတည်းက မိသားစုတွေ စာအုပ်စာတမ်းတွေက တစ်ဆင့်သိခဲ့ ကြားခဲ့ ရပါတယ်။ အခုလို ၆၅ နှစ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည် လွတ်လပ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် လှုပ်ရှားခဲ့တဲ့ လှုပ်ရှားနေဆဲ ဖြစ်တဲ့ ခေါင်းဆောင် များနဲ့ ပြည်သူလူထုကို အာဇာနည်ကြီးများက အားပေးဂုဏ်ယူဆဲ ပဲဖြစ်မှာပါ။

ဆရာကြီးကို အဖိုးတစ်ယောက် အနေထက် လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင်တစ်ဦးအဖြစ် ပိုမိုသိခဲ့ ပါတယ်။ ဘဝရှင်သန်ရေးအတွက် ဘယ်တိုင်းပြည်တွေမှာ ဘယ်လောက်ပဲ ရုန်းကန်နေရနေရ၊ မြန်မာပြည်ရဲ့ တိုးတက်ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းသာယာရေးကို နှလုံးသားထဲမှာ အမြဲစွဲနေ တာကတော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေ ဖြစ်ကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးများ နဲ့တကွ မိဘ၊ ဆရာသမားများနဲ့ ပြည်သူလူထု တို့ရဲ့ သွန်သင်ဆုံးမ အားပေးပံ့ပိုးမှု ကြောင့်ပဲလို့ မြင်မိပါတယ်။

မြန်မာပြည် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းသာယာရေး လမ်းစကို ပြန်လည်မြင်နိုင်စဖြစ်တဲ့ အခုအချိန်မှာ ဆရာကြီးကို မေးချင်တဲ့မေးခွန်းတွေကို အခုလိုမေးပါရစေ။

ဆရာကြီးဟာ ပညာရေးကို ဗဟိုပြုပြီး အမျိုးသားစိတ် ထက်သန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေး တိုင်းပြည် လွတ်လပ်ရေး လှုပ်ရှားမှုရဲ့ ခေါင်းဆောင်တွေကို ပျိုးထောင်ပေးခဲ့တာ သိခဲ့ရပါတယ်။ အမျိုးသားကျောင်း ထွက်တွေဟာ စာရေးဆရာ/မ၊ ကျောင်းဆရာ/မ၊ ကုန်သည်၊ တပ်မတော်သား၊ အားကစားသမား၊ ပညာရှင်၊ နိုင်ငံရေးသမားစသဖြင့် ကဏ္ဍများစွာမှာ လွတ်လပ်ရေး အတွက် ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

လက်ရှိအခြေအနေမှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ငြိမ်းချမ်းသာယာရေးကို ပံ့ပိုးရေးအတွက် ပညာရေးစနစ်ကို ဘယ်နေရာတွေမှာ ဦးစားပေး ပြင်ဆင်တည်ဆောက်ဖို့ လိုပါသလဲ။ ဘယ်လို ဘာသာရပ်တွေကို အတန်းကျောင်းနဲ့ တက္ကသိုလ်တွေမှာ ဦးစားပေး တည်ဆောက်ရပါသလဲ။ ပညာရေး သာမက အမျိုးသား စီမံကိန်း ဝန်ကြီး ဖြစ်ခဲ့တာကြောင့် ပညာရေး စနစ်က မွေးထုတ်ပျိုးထောင် ပေးလိုက်တဲ့ လူငယ်တွေကို ဘယ်လို အလုပ်တွေ ဖန်တီးပေးပြီး ဘယ်လို ကဏ္ဍတွေမှာ ကျရာတာဝန်ကို ထမ်းဆောင်ပြီး တိုင်းပြည်အတွက် လုပ် ဆောင်စေသင့်ပါသလဲ။ သူတို့ရဲ့ ဆက်လက် ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် တိုင်းပြည်က ဘယ်လို စီမံကိန်းတွေ ချပေးသင့်ပါသလဲ။

လစာမရတစ်ချက် ရတစ်ချက်နဲ့ လုပ်ခဲ့တဲ့ အမျိုးသား ကျောင်းဆရာ တစ်ယောက်အနေနဲ့ အခုလက်ရှိ ပညာရေး စနစ်မှာ ရုန်းကန်လှုပ်ရှားပြီး မျိုးဆက်တွေကို ပညာပေးနေတဲ့ ဆရာ၊ ဆရာမတွေရဲ့ လူမှုရေး ဖွံ့ဖြိုးမှု အခြေအနေ တွေကို ဘယ်လို ပံ့ပိုးမြှင့်တင်ပြီး တိုင်းပြည်အနာဂတ်ရဲ့ ပညာရေးစနစ်ကို အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းမီ ဖြစ်နေအောင် လုပ်ဆောင်သင့်ပါသလဲ။

ရဲဝန်ထမ်းဖခင်ရဲ့မေတ္တာရပ်ခံချက်ကို လေးစားစွာ ငြင်းဆန်ပြီး ရွှေတိဂုံ စေတီတော်မြတ်မှာ နယ်ချဲ့ ပညာရေး စနစ်ကို ဆက်လက် သပိတ်မှောက်ခဲ့တဲ့ ကျောင်းသား အနေနဲ့ သာမက ၁၃ဝဝပြည့် မန္တလေးသပိတ်မှာ ကျောင်းသားတွေကို သပိတ်မှောက်ဖို့ တိုက်တွန်း၊ ပံ့ပိုးအားပေးခဲ့တဲ့ ကျောင်းအုပ်ဆရာကြီး ဖြစ်ခဲ့တဲ့ ဆရာကြီးကို “ဘာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုဟာ တိုင်းပြည် လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသလဲ။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကနေပြီး အကြမ်းဖက်မှု၊ ဖျက်ဆီးမှုတွေ ဖြစ်မလာစေဖို့ အဘက် ဘက်ကို ဘယ်လို ကာကွယ် ဦးဆောင်ခဲ့ပါသလဲ” လို့လဲမေးချင်ပါတယ်။

ပြည်ထောင်စု စည်းလုံးညီညွတ်ရေးအတွက် အဓိကကျတဲ့ အချက် တစ်ခုဖြစ်တဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ ရိုးရာဓလေ့ ထုံးစံနဲ့ ဘာသာစကားကို အပြန်အလှန် နားလည်လေးစားစွာနဲ့ ယုံကြည်မှု တည်ဆောက်ရေး အတွက် ပညာရေးစနစ်ကနေ ဘယ်လို တစ်တပ်တစ်အား ပါဝင်သင့်ပါသလဲ။ (ဆရာကြီးရဲ့မိတ်ဆွေ လူထု ဦးလှရဲ့တိုင်းရင်းသား ရိုးရာပုံပြင်များ၊ ဆောင်းပါးများနဲ့ သွန်သင်ဆုံးမမှုများဟာ ကျွန်တော့်အတွက် တန်ဖိုးမဖြတ် နိုင်လောက်အောင်ကို အရေးပါခဲ့ပါတယ်။)

ပြည်ထောင်စု ညီညွတ်ရေး အလံအောက်မှာ ဘာသာပေါင်းစုံကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့် ရှိဖို့လိုသလို တိုင်းပြည်လွတ်လပ်ရေး ဖွံ့ဖြိုးတိုးတက်ရေးကို ညီညွတ်စွာနဲ့ ဦးစားပေးသင့်ကြောင်းကို ဆရာကြီးရဲ့ မိန့်ခွန်းတွေမှာ ဖတ်ခဲ့ရပါတယ်။ လက်ရှိအခြေအနေ မှာ ဘာသာဝင်ပေါင်းစုံရဲ့ အပြန်အလှန် နားလည်မှု၊ လေးစားမှုနဲ့ ငြိမ်းချမ်း ညီညွတ်မှုတွေကို ဗဟိုပြုပြီး မြန်မာ ပြည်အနာဂတ်တိုးတက်ဖွံ့ဖြိုးရေး အတွက် ဘယ်လိုလုပ်ဆောင်သင့်ပါ သလဲ။

မန္တလေး အမျိုးသားကျောင်းကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ဖဆပလ ခေါင်းဆောင်များ၊ ကျောင်းသား    ခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ နဲ့ ပြည်သူလူထုတွေဟာ နိုင်ငံရေး ခေါင်းဆောင်များ ညီညွတ်စွာနဲ့ တိုင်း ပြည်အကျိုးကို ဘယ်လို ပံ့ပိုးသင့်သလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ နိုင်ငံရေး အခြေအနေမှာ တပ်မတော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များဟာ ပြည်သူ့ဝန်ထမ်းများနဲ့ ၁၉၈၈ မျိုးဆက် ကျောင်းသား/သူများ အပါအဝင် ပြည်သူလူထုတွေနဲ့ ဘယ်လို နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်သင့်ပါသလဲ။

၁၉၄၇ ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ “ပထမအကြိမ် အရှေ့တောင် အာရှ အပြည်ပြည်ဆိုင်ရာ ကျောင်းသားများ အစည်းအဝေးကြီးမှာ ဆရာကြီး မိန့်ကြားခဲ့တဲ့ Freedom Movement are Peace Movement မိန့်ခွန်းမှာ အိမ်နီးနားချင်း နိုင်ငံများ စည်းလုံးညီညွတ်ရေး၊ အင်အားကြီး နိုင်ငံတွေရဲ့ နယ်ချဲ့အုပ်စိုးမှုကို အစဉ်သတိပြုပြီး ကာကွယ် ဆန့်ကျင်ရေး၊ ကုလသမဂ္ဂ ဖွဲ့စည်းခဲ့တဲ့ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ တိုင်းပြည်တိုင်းရဲ့ ကိုယ်ပိုင်ဆုံး ဖြတ်ခွင့်နဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းနေထိုင်ရေးစတဲ့ အချက်တွေကို ရှင်းပြခဲ့သလို “လွတ်လပ်ရေး လှုပ်ရှားမှုသည် ငြိမ်းချမ်းရေး လှုပ်ရှားမှု”ဖြစ်ကြောင်းကိုလည်း တင်ပြခဲ့တာ ဖတ်ခဲ့ရပါတယ်။ လက်ရှိ အခြေအနေတွေမှာ အပြည်ပြည် ဆိုင်ရာ စီးပွားရေး မြှုပ်နှံမှု၊ သယံဇာတ ထုတ်ယူသုံးစွဲမှု၊ ပတ်ဝန်းကျင် ကျန်းမာမှု၊ ကမ္ဘာ့လူနည်း စုရဲ့ အာဏာနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှု၊ လူအများစုရဲ့စားဝတ်နေရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ဦးစားပေး မှု၊ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် ရရှိမှုတွေကို နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍကနေ ဘယ်လို လုပ်ဆောင်သင့်ပါလဲ။

ဒီမေးခွန်းတွေဟာ အဖိုးမရှိခဲ့တဲ့ မြေးတစ်ဦးရဲ့မေးခွန်းတွေဖြစ်သလို ပြည်သူတစ်ယောက်ရဲ့ တိုင်းပြည် ခေါင်းဆောင် တစ်ဦးကို မေးချင်တဲ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။ ဆရာကြီးနဲ့တကွ အာဇာနည်များဟာ ဒီမေးခွန်းတွေကို အဖြေပေးဖို့ မရှိတော့ပါဘူး။ “ဖိုးလမင်းကို ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးပါ”လို့ တောင်းနေ ရမယ့်အချိန်တွေကိုလည်း အများကြီး ကျော်လွန်ခဲ့ပါပြီ။

ဒီမေးခွန်းတွေကို အဖြေပေးနိုင်မယ့်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နောက်မဆုတ်တမ်း လုံ့လစိုက် စွာနဲ့ ရုန်းကန် လှုပ်ရှားနေတဲ့ ပြည်သူလူထုတွေနဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်။

အာဇာနည် ခေါင်းဆောင်ကြီးများနှင့်တကွ လွတ်လပ်ရေးနှင့် တိုင်းပြည် ပြန်လည်ထူထောင်ရေး ကဏ္ဍအသီး သီးမှာ ကျရာ တာဝန်ထမ်းခဲ့တဲ့ ထမ်းနေဆဲဖြစ်တဲ့ မြန်မာပြည်သူ ပြည်သား အားလုံး ရည်မှန်းခဲ့တဲ့ လူတိုင်း အတွက် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာဖို့ လမ်းကြောင်းမှန်ကို ဆက်လက် တည်ဆောက် နိုင်ပါစေလို့ မျှော်လင့် ဆန္ဒပြုပါရစေ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s