ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အပိုင်း(၃)

Posted by danyawadi

(၁)

ရခိုင်ပြည်သည် နှစ်ပေါင်း ထောင်ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် သီးခြားလွတ်လပ်စွာ တင့်တင့်တယ်တယ် ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်။ ရခိုင်ပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုတို့မှာ ရခိုင်ပြည်သူတို့ အပေါ်သာ မူတည်ခဲ့သည်။ နှစ်ပေါင်း ထောင်ကျော်သော ကာလအတွင်း ရခိုင်ပြည်၏ အဓိက လူမျိုးကြီး နှစ်ရပ်ဖြစ်သော ရခိုင် ဗုဒ္ဓဘာသာဝင်များ နှင့် ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တို့သည် မြို၊ သက်၊ ဒိုင်းနက်၊ ချင်း၊ ခမိ စသည့် လူမျိုးစုတို့နှင့်အတူ မရှိအတူ၊ ရှိအတူ၊ အေးအတူ၊ ပူအမျှ၊ တရေတည်းသောက်ကာ တလှေတည်းစီးပြီး တမြေတည်း၌ပင် နေထိုင်လာခဲ့သည်။ နိုင်ငံ့ဦးဆောင် မင်းတို့သည် ပြည်သူ တစ်ရပ်လုံး၏ ခိုင်မာသော ညီညွတ်မှုကို စုစည်းနိုင်ခဲ့တိုင်း နိုင်ငံ၏အရှိန်အ၀ါ ထွန်းပြောင်နိုင်စေခဲ့ပြီး၊ ညီညွတ်မှု ဖြိုခွဲလေတိုင်း နိုင်ငံ၏ ဂုဏ်ရည် မှေးမှိန်ခဲ့သည်။ ၁၅ – ရာစုမှ ၁၇ – ရာစုနှစ်များသည် ရခိုင်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ စစ်ရေး စသည့်နယ်ပယ်အားလုံးတွင် တိုးတက်ခိုင်မာခဲ့ဘူးသော်လည်း ၁၇ – ရာစုနောက်ပိုင်းတွင် နိုင်ငံတွင် ညီညွတ်မှု ဖြိုခွဲခဲ့သောကြောင့် နိုင်ငံ့အင်အား တစတစ ယုတ်လျော့လာကာ ဖရိုဖရဲ ဖြစ်ရရှာသည်။ ၁၆၆၆-ခုနှစ်တွင် စစ်တကောင်းကို လက်လွှတ်ခြင်းခံရပြီး ၁၇၈၄-ခုနှစ် အမရပူရဘုရင် ဗဒုံမင်း၏ တိုက်ခိုက်မှု ကို ခုခံနိုင်စွမ်း မရှိရကာ၊ ရခိုင်လွတ်လပ်ရေး ဆုံးရှုံးရလေသည်။ လူပေါင်းနှစ်သိန်းခန့် သေဆုံးလေသည်။ နိုင် ငံ့လူဦးရေ တ၀က်ကျော်တို့မှာ ပြည်တွင်းလုံခြုံမှု မရှိသဖြင့် စစ်တကောင်းနယ်ထဲသို့ အလုံးအရင်းဖြင့် ထွက် ပြေး ခိုလှုံကြသည်။

ဘုရင် မဟာသမ္မတနှင့် မိဖုရားများ၊ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုး၊ မှူးမတ်ဗိုလ်ပါနှင့် တကွ အမြောက်စိန်ပြောင်း လက်နက် တစ်သောင်းကျော်၊ သေနတ်လက်နက် တစ်သောင်းကျော်၊ ကြေးရုပ် သုံးဆယ်ကျော်၊ မိန်းမစိုး သုံးဆယ်ကျော်၊ ပုဏ္ဏားမျိုးသန့် အိမ်ထောင်စု ငါးရာကျော်၊ တတ်သိပညာရှင် ဟူသ ရွေ့ကအစ ဆင်မြင်း သုံးပန့် သုံးသောင်းကျော်နှင့် မဟာမုနိ ရုပ်ပွါးတော်ကို သိမ်းယူသွားလေသည်။ လက်ရဖမ်းယူသွားသော လူပေါင်း နှစ်သိန်းကျော်လေသည်။၁ အနှစ် ၃၅၀ ကျော် ပြုစုပျိုးထောင်လာခဲ့သော မြောက်ဦးမြို့တော်သည်လည်း တစပြင် ဖြစ်သွားလေသည်။ အနှစ် (၄၀) မျှသာ အုပ်ချုပ်နိုင်ခဲ့သော မြန်မာ လေးမြို့ဝန် အုပ်ချုပ်ရေးလက်အောက်တွင် ရခိုင့်ယဉ်ကျေးမှု အဆောက်အအုံကြီး တစ်ခုလုံးသည် ထွားထွား ညက် ပျက်စီးခဲ့လေသည်။ ၁၈၂၅-ခုနှစ်မှ ၁၉၄၈-ခုနှစ်ထိ ဗြိတိသျှတို့လက်အောက်တွင် ကျွန်ပြုခံရပြီး၊ ၁၉၄၈ ခုနှစ် မြန်မာပြည် လွတ်လပ်ရေးရသောအခါ ရခိုင်ပြည်သည် မြန်မာပြည်၏ အစိတ်အပိုင်း ဖြစ်နေရပြန်သည်။

လေးမြို့ဝန်ခေတ် အုပ်ချုပ်ရေးကာလနှင့် ဗြိတိသျှ ခေတ်ဦးကာလတို့တွင် ပုန်ကန်မှုအချို့ ပေါ်ပေါက်ခဲ့သော် လည်း ပြည်သူတစ်ရပ်လုံး၏ ကျစ်လစ်ခိုင်မှာသော ညီညွတ်မှုအားဖြင့် စနစ်တကျ တော်လှန်မှုမျိုး မဟုတ်ခဲ့ သဖြင့် အောင်မြင်မှု မရရှိခဲ့ချေ။ ၁၉၄၈-ခုနောက်ပိုင်းတွင်လည်း ပြည်သူတစ်ရပ်လုံး၏ ညီညွတ်မှုကို စုစည်း ရန် ဆောင်ရွက်ရမည့်အစား၊ ပညာတတ်အမည်ခံ ရခိုင်အမျိုးသား အချို့သည် လူမျိုးကြီးဝါဒ၊ လူမျိုးစွဲဝါဒ၊ အစွန်းရောက် အယူသည်းဝါဒ တို့ကိုသာ ကျင့်သုံးလာခဲ့သည်။

(၂)

လူမျိုးတစ်မျိုး၊ လူစုတစ်စု၏ သမိုင်းကို ဖျောက်ဖျက်၍ မရစကောင်းပါ။ အင်အားနည်းသော လူစုတစ်ခုကို အင်အားများ သော လူစုတစ်ခုက စစ်နိုင်၍သော်လည်းကောင်း၊ အခြားနည်း အမျိုးမျိုးဖြင့် သော်လည်း ကောင်း၊ ယဉ်ကျေးမှု အယူဝါဒ များ စိမ့်ဝင်ပျောက်ကွယ် သွားစေနိုင်သော်လည်း အဆိုပါဖြစ်စဉ် သမိုင်းကြောင်းကို ဖုံးကွယ်ဖျောက်ဖျက်၍ မရနိုင် ကြောင်း ကမ္ဘာ့နိုင်ငံရေး သမိုင်းများက သက်သေထူထားကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ချိန်မှစ၍ သုတေသီအမည်ခံ၊ ပညာတတ်အမည်ခံ ရခိုင်အမျိုးသား အချို့သည် ရိုဟင် ဂျာတို့၏ သမိုင်းမှန်ကို ဖုံးကွယ်ဖျောက်ဖျက်ရန် အလို့ငှာ- စာတမ်းအသွယ်သွယ်၊ ဆောင်းပါးအမျိုးမျိုး၊ စာစောင်အဖုံဖုံ ရေးသားထုတ်ဝေကြသည်။ လုပ်ကြံဇာတ်လမ်းမျိုးစုံကို ပြည်သူတို့ထံ ၀ါဒဖြန့်ကြသည်၊ အစိုးရ အဆက်ဆက်သို့ တင်ပြ လာခဲ့သည်။ ရိုဟင်ဂျာတို့၏ သမိုင်းမှန်ကို ငြင်းဆိုကာ –

(၁) ရခိုင်လူမျိုးမှန်လျှင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်။

(၂) အစ္စလာမ်ဘာသာဝင် ရခိုင်ပြည်တွင် မရှိခဲ့။

(၃) ယခုရှိသော အစ္စလာမ်ဘာသာဝင်များသည်-

(က) ၁၈၅၀ -ခုနှစ် လမ်းဖောက်လုပ်ရန် အရှေ့အိန္ဒိယ ကုမ္ပဏီမှ ခေါ်သွင်းလာသူများ၊

(ခ) ၁၈၅၆ -ခုနှစ် နယ်ချဲ့ဗြိတိသျှတို့က လယ်ကူလီအဖြစ် အသုံးပြုရန် ခေါ်သွင်းလာသူများ၊

(ဂ) ၁၈၈၀ -ခုနောက်ပိုင်း ရာသီအလိုက် စပါးရိတ်သိမ်းရန်လာပြီး၊ မပြန်ဘဲ နေထိုင်သူများ၊

(ဃ) ဗြိတိသျှ အုပ်ချုပ်ရေးလက်ထက် မြန်မာနိုင်ငံသို့ တံခါးမရှိ၊ ဓါးမရှိ ခိုးဝင်လာသူများ၊

(င) ၁၉၄၂ -ခုနှစ်နောက်ပိုင်း ခိုးဝင်လာသူများ၊

(စ) ဖဆပလ အစိုးရက မဲရယူလို၍ ခေါ်သွင်းလာသူများ၊

(ဆ) ၁၉၇၁ -ခုနှစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်ပေါက်လာပြီး၊ ပြည်တွင်းစီးပွါး ပျက်ပြားသဖြင့် အငတ်ဘေးမှ ပြေး ၀င်လာသူများ။

(ဇ) ဟသာင်္စီမံချက်ဖြင့် ၀င်လာသူများ၊

(ဈ) ၈၈ -ခု ဒီမိုကရေစီ လှုပ်ရှားမှုတွင် ၀င်ရောက်လာသူများ – သာဖြစ်ကြသည်။

ထို့ကြောင့် ယင်းတို့သည် မြန်မာနိုင်ငံ တိုင်းရင်းသားများမဟုတ်၊ ဧည့်နိုင်ငံသားများသာ ဖြစ်တန်ရာသည်။

ဤကဲ့သို့ အခြေအမြစ်မရှိ ပြောဆိုရေးသား ၀ါဒဖြန့်မှုများသည် ရိုဟင်ဂျာ သမိုင်းမှန်ကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုများ သာဖြစ်သည်။ မဟာဗမာ လူမျိုးကြီးဝါဒအောက်တွင် ပြားပြာဝပ်ခံနေရကာ ခရုဆံကျွတ် ဘ၀ ရောက်နေရလည်း ကိုရွှေ ရခိုင် အမျိုးသား သုတေသီ အမည်ခံ၊ ပညာတတ် အမည်ခံတို့က ရခိုင် လူမျိုးကြီးဝါဒ၊ လူမျိုးစွဲဝါဒကို အသက်သွင်း လာခြင်းပင် ဖြစ်ပေသည်။

(၃)

ယခု ရိုဟင်ဂျာဟု ခေါ်သော ရခိုင်ပြည်ရှိ မူဆလင်တို့၏ သမိုင်းမှန်ကို ပြည်တွင်းပြည်ပ သမိုင်းသုတေသီများ၏ တွေ့ရှိ ချက်များ၊ ခရီးသွားမှတ်တမ်း၊ ကိုယ်တွေ့မှတ်တမ်းများ၊ သမိုင်းအထောက်အထားများကို လေ့လာကြည်ရှုပါက ကိုရွှေရ ခိုင် အမျိုးသားတို့ ရေးသားဖေါ်ပြ၊ ၀ါဒဖြန့်ချက်များနှင့် လားလားမျှမတူကြောင်း တွေ့ရှိနိုင်ပေသည်။ အစ္စလာမ်ဘာသာ သည် ၁၈၅၀ -ပြည့်နှစ်ထက် နှစ်ပေါင်း ၁၀၀၀ ကျော် စောစွာကပင် ရခိုင်ပြည်သို့ ရောက်ရှိခဲ့ကြောင်း အောက်ပါခိုင် မာသော သမိုင်းမှတ်တမ်း အထောက်အထားများအရ လေ့လာသိရှိရပါမည်။

အစ္စလာမ်ဘာသာသည် ရခိုင်ပြည် အပါအ၀င် မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၁၀၀၀ ကျော်၊ ၁၂၀၀ ခန့်ကစ၍ အုပ်စုလိုက် လည်းကောင်း၊ တစ်ဦးချင်းအားဖြင့်လည်းကောင်း ပြန့်နှံ့ဝင်ရောက်ခဲ့ပါသည်။ အစောဦးရောက်လာသူများမှာ အာရပ် လူမျိုးများ ဖြစ်ကြသည်။

အေဒီ ၇၀၀ နှင့် ၁၅၀၀ ကြားတွင် အနောက်တိုင်းမှ အာရပ်ကုန်သည်၊ ပါရှင်းကုန်သည် နှင့် ရောမကုန်သည် တို့သည် မိမိတို့ပင်ရင်းတိုင်း ပြည်များမှ ရွက်သဘောင်္ဖြင့် မြန်မာနိုင်ငံ ပင်လယ် ကမ်းရိုးတမ်းကိုလည်းကောင်း၊ ယင်းကိုကျော် လွန်ကာ အရှေ့ဖက် တရုတ်ကမ်းခြေသို့လည်းကောင်း ကူးသန်းရောင်းဝယ်ရေးအတွက် ရောက်ရှိခဲ့ကြသည်။၂ အာရပ် တို့သည် ပင်လယ် ကူးသန်းသွားလာရာ၌ အရေးကြီးသော ပင်လယ်ဆိပ်ကမ်းမြို့များ၊ ကုန်သည်ရောင်းဝယ်ရေး စခန်း များ၊ အချက်အချာကျသော နေရာ၏တည်နေပုံ၊ မျက်နှာပြင်အနေအထား၊ နေထိုင်သည့်လူမျိုးများ၊ ထွက်ကုန်များ အစရှိသည်တို့ကို စနစ် တကျ လေ့လာသုတေသန ပြုလေ့ရှိရာ- (၉) ရာစု အာရပ်ပထ၀ီဝင် ဆရာများ၊ ခရီးသည်များ၊ သုတေသီများ၏ မှတ် တမ်းများတွင် ရခိုင်ပြည်နှင့် မြန်မာပြည်အောက်ပိုင်း မွန်တို့နယ်ဖြစ်သော ရာမည ဒေသများအကြောင်းကို တွေ့ရှိနိုင် ပေသည်။၃ ရာခိုင်ရာဇ၀င်များအရလည်း အာရပ်တို့သည် အေဒီ (၈) ရာစုမှစ၍ ရခိုင်ပြည်သို့ ရောက်ရှိအခြေချနေပြီ ဖြစ်ကြောင်း ပါရှိပါသည်။ ရခိုင်ရာဇ၀င် အထောက်အထားများကို ကိုးကား၍ ၁၈၄၄ – ခုထုတ် ဘင်္ဂလား အေးရှာတိခ် ဆိုဆိုင်အေတီ ဂျာနယ် ( Journel of the Asiatic Society of Bengal) တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်။

“ရခိုင်ဘုရင် မဟာတိုင်း စန္ဒြမင်း (အေဒီ ၇၈၈ – ၈၁၀) လက်ထက်တွင် ရမ်းဗြဲကျွန်းအနီး အာရပ်သင်္ဘောများစွာ ပျက် စီးခဲ့ကြောင်း၊ သင်္ဘောသားများက သေဘေးမှလွတ်ကာ နီးရာကမ်းခြေဒေသဖြစ်သော ရမ်းဗြဲကျွန်းသို့ ၀င်ရောက်ခိုလှုံခဲ့ ကြောင်း၊ ရခိုင်ဘုရင် ကြားသိသောအခါ ယင်းတို့အား ကောင်းမွန်စွာ ပြုစုဧည့်ခံပြီး လယ်ယာမြေများပေးကာ အခြေတ ကျနေထိုင်ခွင့် ပေးခဲ့ကြောင်း” ပါရှိသည်။၎ အေဒီ ၁၈၇၉ ခုထုတ် ဗြိတိသျှဘားမားဂေဇက် (British Burma Gazetters) ကို ကိုးကား၍ အာရ်ဘီ စမတ် (R. B. Smart) ကလည်း “အေဒီ ၇၈၈ – ခုနှစ်တွင် မဟာတိုင်း စန္ဒြမင်း သည် ရခိုင်ထီးနန်းကို ဆက်ခံခဲ့ကြောင်း၊ ၄င်းသည် ယခင် ရာမ၀တီ မြို့ဟောင်းကို မြို့သစ်တည်ထောင်ကာ နှစ်ပေါင်း ၂၂ နှစ်တိုင် စိုးစံခဲ့ကြောင်း၊ ယင်းမင်းလက်ထက်တွင် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ကြောင်း၊ သင်္ဘောသားများမှာ မဟာမေဒင် ဘာသာဝင်များဖြစ်ကြ ကြောင်း၊ ယင်းတို့ကို ရခိုင်ပြည်မသို့ ပို့ကာ ကျေးရွာများတွင် အတည်တကျ နေရာချထားပေးကြောင်း” စစ်တွေဂေးဇတ် (Akyab Gazette) တွင် ရေးသားထားသည်။၅ မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ ဖြစ်ခဲ့သော ဗိုလ်မှူးဘရှင်ကလည်း- မြန်မာနိုင်ငံ ပင်လယ်ဆိပ်ခံမြို့များဖြစ်သော ကျောက်ဖြူ၊ ပုသိမ်၊ သန်လျင်၊ မုတ္တမ၊ မြိတ် စသည်တို့တွင် အလားတူ သင်္ဘောများ ပျက်ပြားခြင်းဆိုင်ရာ အကြာင်းအရာများ အချိန်ကာလ စောစွာကပင် ရှိခဲ့ကြောင်း၊ မွန်-မြန်မာ ရာဇ၀င်များနှင့် အချို့ သော ဘုရားသမိုင်းများတွင် သင်္ဘောပျက် စစ်သား များအကြာင်း ရေးသားထားသည်ကို တွေ့ရှိရကြောင်း – ၁၉၆၁ -ခု နှစ်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပခဲ့ သော အာရှသမိုင်း နှီးနှောဖလှယ်ပွဲတွင် တင်ပြသော “မြန်မာနိုင်ငံ သို့ အစ္စလာမ်သာသနာဝင်များ ၀င်ရောက် လာပုံ (အေဒီ ၁ရ၀၀)” စာတမ်းတွင် ရေးသားထားပါသည်။

ရခိုင့်သမိုင်းများအရ – တိုင်းစန္ဒြမင်းလက်ထက် ဝေသာလီသည် အထူးစည်းကားခဲ့ကြောင်း၊ နှစ်စဉ်သင်္ဘောအစီး တစ် သောင်းကျော် ဝေသာလီသို့လာရောက် ကုန်သွယ်မှုပြုခဲ့ကြောင်း၊ ဝေသာလီသည် ဘင်္ဂလားပင်လယ်အော် ကမ်းခြေ တွင် အရေးပါသော ကုန်သွယ်စခန်းတစ်ခု ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။၆ ဂ – ရာစုတွင်း တရုတ်ခရီးသည်တို့၏ မှတ် တမ်းများအရလည်း – ဘင်္ဂလားနှင့် ဝေသာလီတွင် အာရပ်နှင့် မိုးလူမျိုးပိုင် သင်္ဘောများစွာ တွေ့ရှိကြောင်း ပါရှိသည်။ အာရပ်နှင့် ပါရှန်းသမိုင်း အထောက်အထားများအရလည်း အိန္ဒိယသမုဒ္ဒရာကို “အာရပ်ရေကန်” ဟုခေါ်ဆိုရလောက် အောင် အိန္ဒိယသမုဒ္ဒရာတွင် အာရပ်သင်္ဘောများ ဥဒဟို သွားလာခဲ့ကြောင်း ပါရှိသည်။၇ ဆရာဦးကြည်ကလည်း ၈ -ရာ စုအတွင်းက ပုဂံဘုရင် ပိတ်သုံမင်းလက်ထက် သထုံ၊ မုတ္တမ ဒေသများသို့ အာရပ်ကုန်သည်များရောက်ရှိ ၀င်ထွက် သွားလာလေ့ရှိခဲ့သည်ကို သက္ကရာဇ် ၈၀၀ ကျော်လောက်က ရေးသားထားသော အာရပ်မှတ်တမ်းများမှ သိရကြောင်း၊ အာရပ်သင်္ဘောများသည် အနောက်ဖက် ဒမတ်စကတ်ကျွန်းမှ အရှေ့အိန္ဒိယ ကျွန်းစုများနှင့် တရုတ်ပြည်မကြီးအထိ ခရီးပေါက်ရောက်နေပြီဖြစ်ကြောင်း ဖေါ်ပြထားသည်။၈

သို့ဖြစ်ရာ ထိုခေတ်ထိုအခါက ပင်လယ် ကူးသန်းသွားလာခဲ့သော ရွက်သင်္ဘောများမှာ ယခုခေတ်ကဲ့သို့ ခေတ်မီ စက်ကရိယာများဖြင့် ခုတ်မောင်းနိုင်ခဲ့သည် မဟုတ်ချေ။ မိုးလေ၀သ အချက်ပြ ရေဒါစက်များလည်း မရှိခဲ့ချေ။ သာမန် ရွက်သင်္ဘောများသာ ဖြစ်ခဲ့ရာ – ရာသီဥတု အခြေအနေ ဆိုးလျှင်ဆိုးတိုင်း ခံခဲ့ရသည်။ အထူးသဖြင့် ဘင်္ဂလား ပင်လယ်အော်သည် မိုးတွင်းအချိန်ကာလများ၌ ရာသီဥတု အခြေအနေသည် အလွန်ဆိုးရွားလေ့ရှိရာ ဘင်္ဂလား ပင်လယ် ကမ်းခြေတွင် ပင်လယ်ကူးသင်္ဘောများ မြောက် မြားစွာတို့မှာ ကံဆိုးမိုးမှောင် ကျနိုင်ပြီး၊ သင်္ဘောသား များစွာတို့မှာ သက်ဆုံးရှာပေမည်။ နှစ်စဉ် သင်္ဘောအစီး သောင်း ကျော် ၀င်ထွက်လေ့ရှိသော ဝေသာလီ အနီးတ၀ိုက် တွင် နှစ်စဉ် သင်္ဘောပျက် ကိစ္စမှာ နည်းလှမည် မဟုတ်ပေ။ တိုင်စန္ဒြားမင်းလက်ထက်၌သာ မှတ်တမ်းတင်ခဲ့သော် လည်း ၄င်းထက်စောစွာ မရှိခဲ့ဟူလည်း မဆိုနိုင်ပေ။ ၄င်းနောက် ပိုင်းတွင်လည်း မရှိခဲ့ဟု အတတ်မပြောနိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ အရေအတွက်များပြားသော သင်္ဘောပျက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြောက်မြားစွာသော သင်္ဘောသား များ၊ ကုန်သည်များ၊ ခရီးသည်များ၊ စစ်သားများသည် နီးရာကမ်းဘေး သက်ဘေးလွတ်အောင် ခိုလှုံခဲ့ရသည်။ ယင်းတို့ အား မင်းနှင့်တကွ ပြည်သူတို့က လိုလေးသေးမရှိအောင် ပြုစု စောင့်ရှောက် ကူညီခဲ့သည် သာမက၊ အခြေချနေနိုင် အောင် လယ်မြေပေးကာ ဆောင်ရွက်ပေးခဲ့သည်။

ဤသို့ဖြင့် အေ ဒီ ၇၀၀ ကျော်မှစ၍ အရေအတွက် မနည်းလှသော သဘာဝ ဘေးအန္တရာယ်ကြောင့် ရောက်ရှိလာသူ သင်္ဘောသား အာရပ်မူဆလင်များသည် ရခိုင်ပြည်၌ အခြေစိုက်နေထိုင်ရင်း – ဒေသခံ အမျိုးသမီးများနှင့် အိမ်ထောင် သားမွေး ပြုလာကြသည်။ ယင်းတို့၏ ဇနီးမယားများအား အစ္စလာမ်ဘာသာသို့ သွတ်သွင်းပြီး ယင်းတို့၏ သားသမီး၊ မြေးမြစ်တီကျွတ် တို့မှာ အစ္စလာမ်ဘာသာဝင် မူဆလင်များ ဖြစ်လာကြသည်။ တနည်းအားဖြင့် နောင်တွင် ရိုဟင်ဂျာ ဟု ခေါ်ထွင်မည့် လူမျိုးများ၏ မျိုးဆက်စသည် ရခိုင်ပြည် လူ့အဖွဲ့အစည်းတွင် အေဒီ ၇၀၀ ကျော်မှစ၍ စတင်ပေါ် ပေါက် အခြေစိုက် လာခဲ့လေသည်။

ပါရှန်နှင့် အာရပ်ကုန်သည်တို့မှာ ပင်လယ်ရေကြောင်း ကူးလူးသွားလာရင်း အချက်အချာကျသောဒေသများနှင့် ကမ်း သာယာအရပ်များတွင် ရောင်းဝယ်ရေးစခန်းများပြုလုပ်ကာ အခြေချနေထိုင်လာခဲ့သည်။ အလားတူ ရခိုင်ပြည်အပါအ ၀င် မြန်မာနိုင်ငံ၏ ရောင်းဝယ်ရေးစခန်းများ၌လည်း ပါရှန်နှင့် အာရပ်ကုန်သည်တို့သည် အခြေချနေထိုင်ခဲ့သည်။၉ ထို့ ပြင် ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းတလျှောက် အစ္စလာမ်ဘာသာ ဒါရ်ဂါ (ခေါ်) သူတော်စင်များ၏ ဂူဗိမာန်များက သင်္ဘောသားများ၊ ကုန်သည်များ အပြင် သူတော်စင်တို့ကလည်း ရောနှောဝင်ရောက် နေထိုင်လာခဲ့ ကြောင်း သက်သေခံနေသည်။၁၀

ဥရောပလူမျိုးများဖြစ်ကြသော ဗဲတေမာ (Varthema)၊ ဘာဘို့(စ) (Barbose)၊ ဆီဇာ ဖဲဒရိဒ် (Caesar Frederide)၊ ရဲလ(ဖ) ဖီတ်(ရှ) (Ralph Fitch) နှင့် ပေါ်တူဂီလူမျိုးများ၏ ရေးသားချက်များအရ ဘင်္ဂလားကမ်းခြေဒေသများတွင် မူဆလင်ကုန်သည် အမြောက်အမြား အခြေစိုက်နေထိုင်လျက်ရှိခဲ့ကြောင်း၊ အများအားဖြင့် အာရပ်လူမျိုးများဖြစ်ကြ ကြောင်း၊ မူဆလင်များက စစ်တကောင်းကို သိမ်းသွင်းနိုင်ခဲ့သော အေဒီ ၁၃၃၈ – ခု မတိုင်မီကပင် မူဆလင်မြောက် မြားစွာတို့သည် စစ်တကောင်းနှင့် ရခိုင်ကမ်းရိုးတန်းအထိ ပျံ့နှံ့နေထိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။၁၁

သို့ဖြစ်ရာ သမိုင်းသုတေသီပညာရှင်များ၏ ရေးသားပြုစုထားသော မှတ်တမ်းများအရ အစ္စလာမ်ဘာသာသည် ရခိုင် ပြည်အပါအ၀င် မြန်မာနိုင်ငံသို့ လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန့်မှစ၍ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြ ကြောင်း သိရှိရပါသည်။ အစောဦးရောက်လာသူများမှာ အာရပ်၊ မိုးနှင့် ပါရှန်လူမျိုးဖြစ်ကြသည်။ ယင်းတို့သည် မိမိတို့ ၏ ကိုယ်ပိုင်ယဉ်ကျေးမှုထုံးစံ၊ အစ္စလာမ်ဘာသာအယူဝါဒ၊ ကျင့်စဉ်တို့နှင့်အတူ ဒေသခံများနှင့်ရောနှောပေါင်းသင်း အခြေစိုက်နေထိုင်လာခဲ့သော အေဒီ ၇၀၀ ကျော်မှစ၍ နှစ်ပေါင်း ၇၀၀ ကျော်အတွင်း ဒေသခံအယူအဆ အလေ့အထ တို့ပါ ရောနှောပါဝင်သော ယဉ်ကျေးမှုသစ်တစ်ရပ်ကို ပြုစုပျိုးထောင်လာခဲ့သည်။ ယင်းသို့ဖြင့် အေဒီ ၁၄ – ရာစု မတိုင် မီကစ၍ ရခိုင်ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကြားတွင် ဦးရေမနည်းလှသော ခိုင်မာတောင့်တင်းသည့် လူ့အဖွဲ့အစည်း တစ်ရပ်သည် ရခိုင်ပြည်၌ ပေါ်ထွန်းလာခဲ့သည်။

(၄)

အေဒီ ၁၅ – ရာစုသို့ ရောက်သောအခါ အစ္စလာမ်ဘာသာဝင်များ အလုံးအရင်းဖြင့် ၀င်ရောက်လာရန် အကြောင်းတရား က ဖန်တီးလာသည်။ ယင်းမှာ အင်းဝ မင်းခေါင်၏ တိုက်ခိုက်မှုကြောင့် ရခိုင်ဘုရင် နရမိတ်လှသည် ဘင်္ဂလား ဂေါ့ဘု ရင်ထံ ခိုလှုံခဲ့သည်။ ၄င်းသည် ဂေါ့တွင် နှစ်ပေါင်း ၂၄ – နှစ် နေထိုင်ခဲ့ရပြီး၊ ဂေါ့ ဆုလ်တန်၏ စစ်သည် အကူအညီဖြင့် ရခိုင်ထီးနန်းကို ပြန်လည် ဆက်ခံနိုင်ခဲ့သည်။ ဂေါ့ဘုရင် မူဟာမတ် ရှားသည် ၁၄၂၉ – ခုနှစ်တွင် စစ်သူကြီး ၀လီခန် ဦး စီးသော စစ်သည်အင်အား သောင်းကျော်ကိုလည်းကောင်း၊ ၁၄၃၀ – ခုနှစ်တွင် စစ်သူကြီး စန်ဒီခန် ဦးစီးသော ထိုထက် များပြားသော စစ်သည်အင်အားရှိသည့် စစ်တပ်ကိုလည်းကောင်း စေလွှတ်ခဲ့သည်။ ဤစစ်သည်များသည် နရမိတ်လှ အား ရခိုင်ထီးနန်းကို ပြန်လည်ရယူစေခဲ့ပြီး – ဘင်္ဂလားသို့ ပြန်သွားခြင်းမပြုဘဲ၊ မြောက်ဦးတ၀ိုက်တွင် အခြေစိုက် နေ ထိုင်လာခဲ့ကြသည်။ ယင်းတို့အား ရခိုင်ဘုရင် ရာထူးကြီးငယ်ပေးကာ မင်းမှူးထမ်းစေခဲ့သည်။ ဤစစ်သည်များမှာ အများအားဖြင့် တူရကီမျိုးနွယ်များ၊ ပါရှန်များနှင့် အာဖဂန် ပထန်လူမျိုး မူဆလင်ဘာသာဝင်များ ဖြစ်ကြသည်။

(၅)

ရခိုင်ဘုရင် နရမိတ်လှသည် ဂေါ့ဘုရင် ဆုလ်တန်၏ စစ်သည်အကူအညီဖြင့် ဘုရင်ပြန်ဖြစ်လာပြီး ၁၄၃၀ – ခုနှစ်တွင် မြောက်ဦးမြို့ကို တည်ထောင်သည်။ “ပါရှန်ဘာသာစကားကို ရုံးသုံးဘာသာအဖြစ် ပြဋ္ဌာန်းလိုက်သည်။” ကလီမာ ပါသော ဒင်္ဂါးများကိုသွန်လုပ် အသုံးပြုလာရသည်။ ၄င်းအပါအ၀င် နောင်ဆက်ခံသော မင်းအများအပြားမှာ မူလ သက္ကတ၊ ပါဠိ အမည်များအပြင် မူဆလင် ဘွဲ့အမည်များကို ခံယူခဲ့သည်။ နန်းတွင်းစီရင်အုပ်ချုပ်မှုစနစ်နှင့် နန်းခန်းနန်း နား တို့မှာ ဒေလီနှင့် ဂေါ့ရှိ မူဆလင် ပုံစံအတိုင်း ပြောင်းလဲလိုက်သည်။ သို့ဖြစ်ရာ ရခိုင်ဘုရင်အနေဖြင့် အဆိုပါအ တွက် အတတ်ပညာရှင်များ၊ အသိပညာရှင်များ၊ တရားသူကြီးများ၊ ပညာရှိအမတ်များ၊ အနုဗိသုကာ ပညာရှင်များ၊ လက်မှုပညာရှင်များ လိုအပ်လာသည်။ သို့ကြောင့် ဘင်္ဂလားမှ မြောက်များစွာသော မူဆလင် တတ်သိပညာရှင်များ နှင့် လက်မှုပညာရှင်တို့မှာ တော်ရာတန်ရာ ရာထူးရာခံများဖြင့် ချီမြှင့်ခြင်းခံရကာ အခြေချနေထိုင် လာကြသည်။

သမိုင်းပါရဂူ ဒေါက်တာ အေနာမုလ်ဟောက်နှင့် သုတေသီ အဗ္ဗဒူလ်ကော်ရိမ် တို့၏ အဆိုအရ – မင်းစောမွန် (နရမိတ် လှ) ရခိုင်ထီးနန်း ပြန်လည်ရရှိသည်နေ့မှစ၍ ၀န်ကြီးများ၊ မှူးမတ်ဗိုလ်ပါများ၊ သမားတော်များ၊ တရားသူကြီးများ၊ စစ်သည်များ၊ ကုန်သည်များ၊ ဈေးသည်များ၊ အလုပ်သမားများ စသည်ဖြင့် မြောက်မြားစွာသော မူဆလင် မင်းမှူးထမ်း တို့သည် ရခိုင်ပြည်သို့ ၀င်ရောက်လာပြီး ကာလကြာသောအခါ သာမန်အရပ်သားများကြား စိမ့်ဝင်သွားလေကြောင်း ဆိုထားပါသည်။၁၂

စစ်တကောင်းကို မူဆလင်တို့က ၁၃၃၈ – ခုနှစ်မှ ၁၅၃၈ – ခုနှစ်ထိ ထိန်းသိမ်းနိုင်ခဲ့ပြီး၊ ၁၅၃၈ – ခုနှစ်မှ ၁၆၆၆ – ခုနှစ် ထိ စစ်တကောင်းသည် ရခိုင်ပိုင်နက်ဖြစ်ခဲ့ပြန်သည်။ ဤနှစ်ပေါင်း ၃၀၀ ကျော် ကာလအတွင်း စစ်တကောင်းနှင့် မြောက်ဦးနေပြည်တော်သည် အိမ်ဦးနှင့် ကြမ်းပြင်အလား ဖြစ်ခဲ့ရလေသည်။ စီးပွါးကုန်သွယ်မှုမှအစ တစ်ဖက်နှင့် တစ်ဖက်၊ တစ်နယ်နှင့်တစ်နယ် ဥဒဟို သွားလာမှုများရှိခဲ့သည်။ ဤအတော်အတွင်း မူဆလင် မြောက်များစွာတို့သည် စစ်တ ကောင်းမှ ရခိုင်ဒေသအနှံ့သို့ ပြန့်နှံ့နေထိုင်လာကြသည်။ အထူးသဖြင့် မင်းနေပြည်တော်ဖြစ်သော မြောက်ဦးသို့ လာရောက် အခြေစိုက်လာသည်။ နန်းတွင်းနန်းပြင်တွင် မူဆလင်တို့သြဇာ တိုးပွားလာသည်။၁၃

ရခိုင်ပြည်ရှိ အာရပ်၊ ပါရှန်၊ ပထန်တို့ဖြင့် ဖွဲ့စည်းလာခဲ့သော မူဆလင် လူ့အဖွဲ့အစည်းတွင် စစ်တကောင်းမူဆလင် တို့၏ ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာသည်။

အေဒီ ၁၆ – ရာစုနှောင်းပိုင်းမှ ၁၇ – ရာစု အလယ်ပိုင်းကာလသည် ဘင်္ဂလားတွင် နိုင်ငံရေးမတည်မငြိမ် ဖြစ်ခဲ့သော ကာလဖြစ်သည်။ အာဖဂန် ပထန်တို့၏သြဇာ တစတစ ယုတ်လျော့လာပြီး၊ မဂိုတို့၏သြဇာ တဖြည်းဖြည်း ကြီးထွားလာ သည်။ ယင်းကြောင့် ဘင်္ဂလားရှိ ပထန် တတ်သိပညာရှင်များနှင့် မင်းမှူးထမ်း မြောက်မြားစွာတို့မှာ အရှေ့ဖက်သို့ ထိမ်းရှောင်လာလေသည်။ ယင်းတို့အနက်မှ အချို့မှာ မြောက်ဦးနေပြည်တော်သို့ လာရောက်ခိုလှုံကာ အရေးကြီး သော ရာထူးများတွင် ၀င်ရောက် ခစားလာသည်။၁၄ ထို့ပြင် ဘင်္ဂလားအား မဂိုအင်ပါယာသို့ သိမ်းသွင်းလိုက်သောအခါ ဂေါ့စစ်သည်များနှင့် တိုင်းသူပြည်သားများစွာတို့မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးထိမ်းရှောင်လာရင်း ရခိုင်ပိုင်နယ် မြေများသို့ ၀င်ရောက်ခိုလှုံ နေထိုင်လာခဲ့ကြသည်။ ယင်းကြောင့် ၁၇ – ရာစု အစောပိုင်းတွင် ရခိုင်ပြည် မူဆလင်ဦးရေ ပိုမိုတိုးပွါးလာကာ အစ္စလာမ်ဘာသာနှင့် မူဆလင်ယဉ်ကျေးမှုသည်လည်း ပိုမိုထွန်းကားလာခဲ့သည်။

(၆)

ရခိုင်ပြည်တွင် မူဆလင်အင်အား တိုးပွါးလာစေသော အခြားအကြောင်းတစ်ရပ်မှာ ၁၇ – ရာစုတွင် ဘင်္ဂလားပင်လယ် အော် အရှေ့ပိုင်းသို့ ပေါ်တူဂီများ ၀င်ရောက်လာခြင်းပင် ဖြစ်ပါသည်။ ၁၇ – ရာစု အစောပိုင်းကာလမှစ၍ ပေါ်တူဂီ တို့ သည် ဘင်္ဂလားနှင့် ရခိုင်ကမ်းခြေသို့ ရောက်ရှိနေပြီးဖြစ်သည်။ ထိုစဉ်က ပေါ်တူဂီတို့သည် ရေကြောင်းအတတ်ပညာ၊ ခေတ်မီလက်နက်ပညာ နှင့် ခံတပ်တည်ဆောက်မှု အတတ်ပညာတို့ကို ပို၍ ကျွမ်းကျင်စွာ တတ်မြောက်ကြသည်။ ရခိုင်တို့က ပေါ်တူဂီတို့အား ကုန်ကူးခွင့် ပေးခြင်းအားဖြင့် မိမိတို့အကျိုး ဖြစ်ထွန်းလိမ့်မည်ဟု မြင်ခဲ့သည်။ ထို့ကြောင့် ယင်းတို့အား ကုန်ကူးခွင့်နှင့် သင်္ဘောများ ရပ်နားဆောက်လုပ်ခွင့်ကို ပေးခဲ့သည်။ ပေါ်တူဂီတို့၏ အဓိက စီးပွါးရေး လုပ်ငန်းမှာ ကျွန်ကူးသန်းရောင်းဝယ်ရေးပင်ဖြစ်သည်။ ရခိုင်တို့သည် ပေါ်တူဂီတို့နှင့် ပူးပေါင်းပြီး၊ စစ်ဒဏ်ကြောင့် အင် အား ယုတ်လျော့နေသော ဘင်္ဂလားတွင် ပင်လယ်ဓါးပြတိုက်လုပ်ငန်းကို စတင်တော့သည်။ ဓါးပြတိုက်သည်ဆိုရာ၌ ဥစ္စာပစ္စည်းကို တိုက်ယူရုံသာ မဟုတ်ဘဲ၊ တွေ့ရာလူတိုင်း လက်ရဖမ်းဆီး ချုပ်နှောင် သယ်ဆောင်ယူလာကာ လူ့သ မိုင်းတွင် အရက်စက်ဆုံး၊ အဆိုးဝါးဆုံး၊ ယုတ်မာဆုံးသော ကျွန်ကူးသန်းရောင်းဝယ်ရေး ပြုလုပ်ခြင်းပင်ဖြစ်သည်။ ဖမ်း ဆီးရမိသော ကျွန်များအနက် အတတ်ပညာရှင်များ၊ လက်မှုပညာရှင်များကို ရခိုင်ဘုရင်အားပေးကမ်းပြီး၊ ကျန်ကျွန်များ ကို ကျွန်ဈေးကွက်တွင် ရောင်းချသည်။ သို့တည်းမဟုတ် ရခိုင်နယ်များတွင် အတင်းအဓ္ဓမ အခြေချနေထိုင်စေကာ လယ်ယာစိုက်ခင်း၊ ပျိုးခင်းများတွင် ကိုင်းစေသည်။၁၅ ယင်းသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ရာတွင် ဟိန္ဒူလူမျိုးများအပြင် မူဆလင်များလည်း များစွာပါဝင်ခဲ့သည်။ ဆယိဒ်စစ်စစ်များ၊ ဆယိဒ်အနွယ်ဖွားများလည်း ပါဝင်ခဲ့သည်ဟု ၁၇ – ရာစု၏ ထင်ရှားသော သမိုင်းသုတေသီ တစ်ဦးလည်းဖြစ်၍ ပေါ်တူဂီ၊ မောဂ်တို့ သောင်းကျန်းမှုကို မျက်မြင်ကိုယ်တွေ့ဖြစ်သော ရှီဟာဘ်အွဒ္ဒိန်း တာလီရှ် (Shihabuddin Talish) က ဆိုထားသည်။၁၆ စယိဒ်ဆိုသည်မှာ တမန်တော် မူဟာမတ် (စွ)၏ အမျိုးအနွယ်များမှ ဆင်းသက်လာသူများကို ခေါ်ဆိုသည်။၁၇

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်လာသူများကြောင့် ရခိုင်နယ်တွင် မူဆလင်ဦးရေ တိုးပွါးလာခဲ့သည်။ ဗြိတိသျှလူမျိုး ဖဲယား က-ဖမ်းဆီးခေါ်ဆောင်လာသော မူဆလင်ဦးရေသည် ရခိုင်ပြည်လူဦးရေ၏ ၁၅ % ခန့် ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။၁၈

(၇)

ရခိုင်ပြည်တွင် ပြင်ပမှရောက်လာသော မူဆလင်လူမျိုးများနှင့် ယင်းတို့၏ သားမယားများသာ အစ္စလာမ်ဘာသာကို ကိုးကွယ်နေသည် မဟုတ်ဘဲ၊ ဟိန္ဒူဘာသာဝင်အချို့လည်း အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာကြသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို အစဉ်တစိုက် ကိုးကွယ်နေကြပြီးသူများလည်း အစ္စလာမ်သို့ ကူးပြောင်းကိုးကွယ်မှုများ ရှိခဲ့သည်။ ဤအ ကြောင်းကို ရခိုင်မဟာရာဇ၀င် ဇာတ်တော်ကြီးတွင် “သက္ကရာဇ် ၈၈၇ ခုနှစ် ကိုးဆက်မြှောက်သော ဇယတ္တ မင်းစောမွန် လက်ထက်၌ ရုမ် ပါသျှားမင်း၏ သန်အမတ်ကြီး ကာဒီ၊ မူသျှာ၊ ဟော်နုမျာတို့သည် နိုင်ငံတော်၌ မဟာမတ်ဒန် သာသနာ စည်ပင် ပြန့်ပြောစေခြင်းငှါ၊ ပူလီကျောင်းတို့သည် မြို့တော်၌ အပြန့်အနှန့် တည်ဆောက်လုပ်ကြ၍ မြို့တော်တွင် သူအပေါင်းတို့အား ဟောပြောပြသလျက် နေ့စဉ်မပြတ် ပြုလုပ်တော်မူလေသည်။ ထိုအခါ အချို့သော ဗုဒ္ဓဘာသာ လူမျိုးတို့ သည် ယုန်ကြည်လျက် ၄င်းဘာသာ၌၀င်၍ ၄င်းတရားကို ဆောံတည်လျှက် ဖြစ်ရှိကြလေသည်။ သို့နှင့် မဟာမတ်ဒန် လူမျိုးတို့သည် နိုင်ငန်တော်၌ ဖုန်းလွှန်းစိုးမိုးလျက် ပြန့်နှန့်စွာ +ဖစ် ရှိလေသည်။ ဘုရင်မင်းမြတ် ကိုလည်း လက်ဆောင် ပန်နာပို့ဆက်လျှက် ဘုရင်မင်းအား ၄င်းသန်အမတ်ကြီးတို့ကို များသောအားဖြင့် မိတ္တာ သက်ဝင်လျက် ဖြစ်ရှိလေသည်။” ဟု ဖော်ပြထားသည်။

၁၅ – ရာစုတွင် များစွာသော ဗုဒ္ဓဘာသာ ရခိုင်တို့မှာ အစ္စလာမ်ဘာသာကို ကိုးကွယ်၍ မူဆလင်များဖြစ်ကြကြောင်း ဦး ကြည်က “မြန်မာရာဇ၀င် သိမှတ်ဘွယ်ရာ အဖြာဖြာ” စာအုပ်တွင် ရေးသားခဲ့ပေသည်။ နိုင်ငံတော်ကောင်စီဝင်ဟောင်း သတင်းစာဆရာ ဦးလှထွန်းဖြူကလည်း – ဗုဒ္ဓဘာသာဝင်အချို့ အစ္စလာမ်ဘာသာသို့ ကူးပြောင်းခဲ့ကြကြောင်း “အောင် ပန်းကြီးငွေ စကားရည်လုပွဲ” စာအုပ်တွင် အတည်ပြုဖော်ပြထားသည်။

ထိုစဉ်က ရခိုင်ပြည် အလေ့အထတစ်ခုမှာ နိုင်ငံခြားက လာသူများကလည်း ဆန္ဒရှိလျှင် ရခိုင်ပြည်သူများနှင့် လက်ထပ် ထိမ်းမြားနိုင်သည်။ သို့သော် ရခိုင်ပြည်မှ ထွက်သွားသောအခါ သားမယားများကို ခေါ်ဆောင်သွားခွင့် မရှိခဲ့ချေ။ သို့ကြောင့် ဥရောပသားတို့သည် ၄င်းတို့၏ ရခိုင်ဇနီးမယားနှင့် သားသမီးများကို ရခိုင်ပြည်၌ ချန်ထားပါက အစ္စလာမ် ဘာသာသို့ ကူးပြောင်းသွားမည်ဟု စိုးရိမ်၍ ခိုးယူခေါ်ဆောင်သွားခဲ့သော အမှုကိစ္စများစွာ ပေါ်ခဲ့ကြောင်း – ဒတ်(ချ) မှတ်တမ်းများတွင် တွေ့ရသည်။ သို့ကြောင့် အခြားဘာသာများမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းကိုးကွယ်သူများ လည်း ရခိုင်ပြည်တွင် မနည်းလှပေ။

(၈)

မူဆလင်တို့၏ အလွန်အရေးကြီးသော ရခိုင်ပြည်နှင့် ယှက်နွယ်သည့် ဇာတ်လမ်းတကွက် ရှိပါသေးသည်။ ယင်းသည် ကား မဂို အိမ်ရှေ့မင်းသား ရှားရှုဇားသည် ရခိုင်ပြည်သို့ ရောက်ရှိလာခြင်းပင်ဖြစ်သည်။ အေဒီ ၁၆၆၀ တွင် အိန္ဒိယပြည် ၌ ရှားဂျဟန်ဘုရင် ကွယ်လွန်ခဲ့ရာ သားတော် ရှားရှုဇားသည် နောင်တော် သြရန်ဂဇစ် နှင့် နန်းလုခဲ့ရာ အရေးနိမ့်သ ဖြင့် ရခိုင်ဘုရင် စန္ဒသုဓမ္မမင်း (၁၆၅၂ – ၁၆၈၄) ထံ အကူအညီတောင်း ခိုဝင်လာသည်။ စန္ဒသုဓမ္မမင်း အား ကတိမ တည် ဟုဆိုကာ ရှားရှုဇား ပုန်ကန်ခဲ့ရာ ရှားရှုဇား ကျဆုံးခဲ့သည်။ ၄င်းနှင့်ပါလာသော အခြွေအရံ ကမန် (လေးသည် တော်) တို့အား ရခိုင်ဘုရင် ကိုယ်ရံတော်အဖြစ် ခန့်ထားခဲ့သည်။ ထိုစဉ်ကစ၍ ကမန်မူဆလင်ဟု ရခိုင်ပြည်တွင် တည်ရှိ လာသည်။ ရှားရှုဇားနှင့်အတူ ကမန်လေးသည်တော် သုံးထောင်ကျော် ပါရှိခဲ့သည်ဟု အချို့သမိုင်းဆရာများက ဆိုပါ သည်။ နောင်ဘင်္ဂလားနှင့် အိန္ဒိယတို့မှလည်း လေးသည်တော် အများအပြားအပြင်၊ အိန္ဒိယတောင်ပိုင်းမှလည်း စစ်သည်အမြောက်အမြား ကိုယ်ရံတော်တပ်တွင် အမှူးထမ်းလာခဲ့သည်။ ၁၆၈၅ – ခုနှစ်တွင် နန်းတွင်းကိုယ်ရံတော် တပ်သားအင်အား လေးသောင်းကျော် ရှိခဲ့သည်ဟု ဆိုသည်။၁၈ မင်းဘာကြီးလက်ထက် ကမန်သူရဲကောင်း ၅ သောင်း ကျော်ခဲ့ဟု စောမဲကျီ စာအုပ်တွင် အရှင် ဥက္ကံက ဖေါ်ပြခဲ့သည်။

(၉)

သို့ဖြစ်ရာ ၁၇ – ရာစု ရခိုင်ပြည်တွင် –

(၁) သဘာဝ ဘေးအန္တရာယ်ကြောင့် ရောက်ရှိလာရသော အာရပ်မူဆလင်များ၊

(၂) ကူးသန်းရောင်းဝယ်ရေးကြောင့် ရောက်ရှိနေထိုင် အခြေစိုက်လာသော အာရပ်၊ ပါရှန်ကုန်သည်များ၊

(၃) ရခိုင်ဘုရင် နရမိတ်လှ၏ မေတ္တာရပ်ခံချက်အရ ဂေါ့ဘုရင်၏ စစ်သည်အကူအညီအဖြစ် ရောက်ရှိလာပြီး၊ နရ မိတ်လှအား နန်းတင်ပေးခဲ့သော တူရကီ၊ ပါထန်၊ ပါရှန် စစ်သည်တော်များ၊

(၄) ရခိုင်ပြည်၏ စီရင်အုပ်ချုပ်မှု ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် မရှိမဖြစ်လိုအပ်၍ ဖိတ်ခေါ်၊ ခေါ်ယူခဲ့သဖြင့် လာရောက်မင်းမှူးထမ်းခဲ့သူများ၊

(၅) ဘင်္ဂလား နိုင်ငံရေးနှင့် စစ်ရေးအခြေအနေအရ မနေနိုင်ဘဲ ရခိုင်ပြည်ထဲသို့ ခိုလှုံလာသူများ၊

(၆) ပေါ်တူဂီ-မောဂ်တို့က ဖမ်းဆီးခေါ်ဆောင်လာသော ဘင်္ဂါလီလူမျိုးများ၊

(၇) ဟိန္ဒူဘာသာဝင်၊ ဗုဒ္ဓဘာသာဝင် တို့မှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူများ၊

(၈) ကိုယ်ရံတော်တပ်များ အစရှိသည့် အရပ်ဒေသမျိုးစုံမှလာသော လူမျိုး အမျိုးမျိုးတို့သည် ဒေသတစ်ခုတည်း

သို့ တစ်ဦးချင်း၊ နှစ်ဦးချင်းမှစ အုပ်စုလိုက်လည်းကောင်း၊ အလုံးအရင်းဖြင့်လည်းကောင်း ရာစုပေါင်းဆယ်ကျော် တစတစ အခြေစိုက် နေထိုင်လာခဲ့သည်။ ယင်းသို့ အခြေစိုက် နေထိုင်လာရင်း၊ ယင်းတို့ အသီးသီးတို့၏ ကိုယ်ပိုင်ယဉ် ကျေးမှု၊ ဓလေ့ထုံးစံ၊ အစ္စလာမ်ဘာသာဝါဒနှင့် ကျင့်စဉ်တို့နှင့်အတူ ဒေသခံတို့၏ ထုံးဓလေ့များကိုပါ ရောနှောပြီး၊ ရခိုင် ပြည် လူ့အဖွဲ့အစည်းတွင် ယဉ်ကျေးမှုသစ်တစ်ရပ် ပြုစုပျိုးထောင်လာခဲ့ပြီး မျိုးဆက်သစ်တစ်ရပ်ကို ပေါ်ထွန်းစေခဲ့ သည်။ ယင်းတို့ “ရိုဟင်” ဟုခေါ်သော ရခိုင်ပြည်တွင် နေထိုင်သူများဖြစ်သဖြင့် “ရိုဟင်ဂျာ” (ရိုဟင်သား)ဟု ခေါ်ထွင် လာခဲ့သည်။

မူဆလင် ယဉ်ကျေးမှု၏ အကျိုးဆက်များကြောင့် ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုမှာလည်း တစတစ တိုးတက်လာခဲ့ပေ သည်။ အုပ်ချုပ်ရေးနယ်ပယ်၌လည်းကောင်း၊ စစ်ဖက်၌လည်းကောင်း တိုးတက်မှုများ အဆင့်ဆင့် ဖြစ်ထွန်းခဲ့ပေသည်။

(၁၀)

သို့ဖြစ်ရာ ရိုးမတဖက်ကျော်မှ ဗမာလူမျိုးများက ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ခဲ့သော ၁၇၈၅ – ခုနှစ် မတိုင်မီက ရခိုင်ပြည်တွင် အစ္စလာမ်ဘာသာဝင် မူဆလင်လူမျိုးပေါင်း သိန်းနှင့်ချီပြီး ရာစုနှစ်များစွာကတည်းကပင် အခြေစိုက်နေထိုင်လာခဲ့ပြီး၊ ဗမာတို့ထက် အဆပေါင်းများစွာ တိုးတက်သစ်လွင်သော ယဉ်ကျေးမှုကို ပြုစုပျိုးထောင် လာခဲ့ကြောင်း ခိုင်လုံသော ပြည်တွင်းပြည်ပ သမိုင်းမှတ်တမ်း အထောက်အထားများက သက်သေထူလျက် ရှိနေပါ သည်။

၁၇၈၅ – ခုနှစ်မှ ၁၈၂၄ – ခုနှစ်ထိ နှစ်ပေါင်း (၄၀) နီးပါးသာ အုပ်ချုပ်ခဲ့သော ဗမာမြို့ဝန် လက်ထက်တွင် လူပေါင်း နှစ်သိန်းကျော် သေပြီး၊ နိုင်ငံ့ဦးရေ၏ တ၀က်ကျော်တို့မှာ စစ်တကောင်းနယ်သို့ တိမ်းရှောင်ခဲ့ရသည်။ တတ်သိပညာရှင် သုံးသောင်းကျော် အပါအ၀င် လက်ရဖမ်းဆီး ခေါ်ဆောင်သွားလေသူ နှစ်သိန်းကျော်လေသည်။ ထို့အပြင် နှစ်ပေါင်း ၄၀ အတွင်း မြန်မာပြည်မသို့ အကြိမ်ကြိမ် လူတောင်းခံမှုများကြောင့် ပြည်မသို့ ပေးပို့ခဲ့ရသည်များအပြင် စစ်တကောင်း နယ်သို့ ထပ်မံ တိမ်းရှောင်သွားရသူများလည်း မနည်းလှပေ။ အင်္ဂလိပ်တို့ ရခိုင်ပြည်ကို သိမ်းယူစဉ်က ၁၈၂၄ – ခုနှစ် တွင် ရခိုင်ပြည်၌ လူဦးရေ အနည်းမျှသာ ကျန်ရစ်ခဲ့သည်။ ရ န္တပိုစာချုပ် ချုပ်ဆိုပြီးနောက် လအနည်းငယ်အကြာ ၁၈၂၅ – ခု ဇူလိုင်လ (၂၁) ရက်နေ့ အစီရင်ခံခဲ့သော ဗြိတိသျှတပ်မှူး ရောဘတ်ဆန်၏ အစီရင်ခံစာအရ ၁၈၂၅ – ခုနှစ်တွင် ရခိုင် ပြည် လူဦးရေသည် တသိန်းခန့်သာရှိခဲ့ကြောင်း မောဂ် (ရခိုင်) ၆၀ ၀၀၀၊ မူဆလင် ၃၀ ၀၀၀ ခန့်နှင့် ဗမာနှင့် အခြား ၁၀ ၀၀၀ ခန့် ဖြစ်ကြောင်း အစီရင်ခံခဲ့သည်။၁၉ နှစ်ပေါင်း ၄၀ အတွင်း စိတ်တိုင်းကျ ဖိနှိပ်ချူပ်ချယ်ပြီး၊ ရခိုင်ပြည် ယဉ် ကျေးမှု အဆောက်အအုံကြီး တစ်ခုလုံးကို ပျက်စီးစေပြီး၊ ကြက်ပျံမကျ စည်ကားခဲ့သော ရခိုင်ပြည်ကို တစပြင်ဖြစ် အောင် ဖန်တီးခဲ့သော ဗမာလေးမြို့ဝန်ခေတ် ကုန်ဆုံးချိန်တွင် မူဆလင်ဦးရေ သုံးသောင်းကျော်ရှိလျှင် ယင်းမတိုင်မီ မည်မျှရှိခဲ့မည်ကို ခန့်မှန်းနိုင်ပေသည်။

သို့ဖြစ်၍ လူ့သမိုင်းသည် ဖျောက်ဖျက်၍ မရနိုင်စကောင်းသော အမှန်အဖြစ်အပျက်တစ်ရပ် ဖြစ်သော်လည်း သမိုင်းအ ကြောင်းကို ဖျောက်ဖျက်ရန် ကြိုးစားနေကြသော ကိုရွှေရခိုင် ပညာတတ်အမည်ခံ၊ သုတေသီအမည်ခံတို့ ၀ါဒဖြန့်မှုများ သည် ရခိုင်ပြည်၏ တိုးတက်မှုကို ပို၍ နောက်ပြန်ဆွဲစေမည့် လုပ်ငန်းများပင်ဖြစ်သည်။ နှစ်ပေါင်း ၁၂၀၀ ခန့်မှစ၍ ရခိုင် ပြည်၌ အခြေစိုက်နေထိုင်လာခဲ့သူများအား လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ခန့်မှ ကျူးကျော်ရောက်ရှိလာသူ ဗမာများက နိုင်ငံခြားသားဟု ပြောဆိုနေခြင်းများမှာ မည်မျှယုတ္တိတန်နိုင်သည်ကို စဉ်စားနိုင်ပေသည်။ ရခိုင်ပြည်သည် ရခိုင်နှင့် ရိုဟင်ဂျာအပါအ၀င် မြို၊ သက်၊ ဒိုင်းနက်၊ ခမီ၊ ချင်း စသည် သမိုင်းအစဉ် အဆက် နေထိုင်လာခဲ့သူများ စုပေါင်း ပိုင်ဆိုင်ကြပြီး ဤလူမျိုးများသည် ရခိုင်ပြည်၏ အရှင်သခင် ဖြစ်ကြသည်။

နောက်မှရောက်လာသော ရွှေကြာပင် ဗမာတို့မှာ ဖွဲလှမ်းခိုက် ဖျာခင်းကာ စိုးမိုးသူဘ၀ ရောက်သော်လည်း ယင်းတို့ သည် ရခိုင်ပြည် သမိုင်းစဉ်ဆက် နေထိုင်လာခဲ့သူများ မဟုတ်ပေ။ ၁၇၈၅ မှ ၁၈၂၄ အထိ နှစ်ပေါင်း (၄၀) အတွင်း ရခိုင်ပြည်အား ကျူးကျော်သိမ်းပိုက်ကာ တစပြင်ဖြစ်စေခဲ့ပြီး၊ ၁၉၄၈ မှ ယနေ့အထိ နှစ်ပေါင်း (၆၀) ကျော် အတွင်း ရခိုင်ပြည်အား ခရုဆံကျွတ်ဘ၀သို့ အောင်မြင်စွာ ရောက်စေခဲ့ပါသည်။

သို့ပင်ဖြစ်သော်ငှါးလည်း များစွာသော ယနေ့ရခိုင်ပြည်သူတို့မှာ လက်ပိုက်ကြည့်နေရုံသာမက ကြည်ဖြူနေကြသူများ လည်း မနည်းလှပေ။ ရခိုင်မြေပေါ် ရခိုင်မြေအောက် ရခိုင်ပြည်သူတို့ကသာ ပိုင်ဆိုင်သည့် သစ်တောထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ ရေနံ၊ ဓါတ်ငွေ့မှစ သံယံဇာတ ပစ္စည်းဟူသရွေးကို ရခိုင်ပြည်သူတို့အတွက် တစိုးတစီးမျှ ချန်မ ထားဘဲ ထုတ်ယူဖော်ဆောင်၊ သယ်ယူရောင်းချနေသည်ကို ရေငုံနုတ်ပိတ် နေရုံမျှသာမက ဓါးရိုးကမ်းနေသူများလည်း မရှားပေ။ အရေးကြီးသော မြစ်ချောင်းများကို ပိတ်ဆို့ပြီး ရေအားလျှပ်စစ်ဓါတ်ထုတ်ယူကာ တရုတ်-အိန္ဒိယ ကုမ္ပဏီများ သို့ ရောင်းချရန် ကြံစည်နေသည်ကိုလည်း ရေနံဆီးမီးခွက်ပင် မှန်မှန်မထွန်းနိုင်ရှာသော ရခိုင်ပြည်သူတို့မှာ ကြိတ်မှိတ် နေကြသည်သာမက ရေလာမြောင်းပေးသူများလည်း ရှိနေသေးသည်။ ဤသို့သော အနေအထားတွင် ကိုရွှေဗမာ တို့သည် ကံကောင်းထောက်မ၍ နောက်ထပ် နှစ်တစ်ရာ ပိုမို စိုးမိုးပိုင်ခွင့်ရမည်ဆိုက ရခိုင်ပြည်၏ ပထ၀ီအနေအထား ကို ကမ္ဘာ့မျက်နှာပြင်ပေါ် မြင်ရမြင်ပါ့မည်လားဟု တွေးတောဖွယ် ဖြစ်နေပါသည်။

ကျမ်းကိုးစာရင်း –

၁။ ဆရာတော် စန္ဒမာလာလင်္ကာရ – ရခိုင်ရာဇ၀င်သစ်ကျမ်း (ဒု-တွဲ)၊ မန္တလေး (၁၉၃၁)၊ စာ – ၃၁၂

၂။ ဒု-ဗိုလ်မှူးကြီး ၀င်းမောင် (ကာကွယ်ရေးဝန်ကြီးဌာန) “သာသနာ့ရောင်ဝါ ထွန်းစေဖို့”၊ ရန်ကုန် (၁၉၉၇)၊ စာ-၆၅

၃။ ကိုး (၂)၊ စာ – ၆၅

၎။ JASB – Vol. XIII, Calcutta (1844), p – 36

Dr. S.B Qanungo “ A History of Chiitagong”, Vol. I, Chittagong (1988), p – 111

၅။ R. B Smart – Burma Gazetters (Akyab Distric) Vol. A, Ragoon (1957), p – 19

၆။ ဦးကြည် (ဘီအေ- ရာဇ၀င် ဂုဏ်ထူး) “မြန်မာရာဇ၀င်မှ သိကောင်းစရာများ”၊ စာ ၁၅၆

၇။ Mohammed Abdur Rahim “Social and Cultural History of Bengal”, Vol. I, Karachi (1966), p – 37

၈။ ကိုး (၆)၊ စာ – ၁၅၇

၉။ S. N. H Rizvi “Bangladesh Distric Gazetteers (Chittagong)”, Dacca (1975), p – 122

၁၀။ ဆရာချေ (နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) “ဗမာမွတ်စလင် ရှေးဟောင်း အတ္ထုပတ္တိ”၊ စာ – ၁၆

“သာသနာရောင်ဝါ ထွန်းစေဖို့”၊ စာ – ၆၆

၁၁။ S. N. H Rizvi – “East Pakistan Dicstric Gazetteers (Chittagong Dist)”, Dacca (1970), p – 111

၁၂။ Mohammed Enamul Huq and Abdul Karim – “Bengali Litrature in Arakanese Court (1600 ~ 1700 AD)

Calcutta (1935), p – 4 ~9

၁၃။ တိုင်းရင်းသားလူမျိုးစု ဘ၀သစ်ထူထောင်ရေးပါတီ – သတင်းလွှာ၊ ရန်ကုန် (၁၉၈၉)၊ စာ – ၄၅

၁၄။ Muhammad Mohar Ali “History of The Muslim Bengle” Vol. I (B), Riyadh, 1985, p – 865

၁၅။ J. A. S. B – Vol. X, Calcutta (1941), p – 681

မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်၊ ရန်ကုန် (၁၉၆၀)၊ စာ – ၇၂

၁၆။ Qanungo, p – 322

၁၇။ ၄င်း စာ – ၃၂၄

၁၈။ ၄င်း စာ – ၂၉၁

၁၉။ Secrect Consultation (SC) of the Government of Bengal, Preserved in the National Acrhives of India, New Delhi, Jun 9, 1926, No. 10

Also Robertson’s Report dated July 21, 1825 (SC- August 26, 1825, No. 41)

Download PDF here

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသည်။ အပိုင်း(၂)

ရိုဟင်ဂျာလူမျိုးတကယ်ရှိပါသလား ? ရိုဟင်ဂျာလူမျိုးတကယ်ရှိပါတယ်။ အသေးစိတ်လေ့လာကြည့်ပါ။ …

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s