သတင်းရေးချင်ရင်မီဒီယာကျင့်ဝတ် စောင့်ထိန်း သင့်ပါရဲ့

O’Laie Manzu
2.3.2013

စာနယ်ဇင်းထိန်းချုပ်မှုတွေ ပယ်ဖျက်လိုက်ပြီးနောက် မြန်မာနိုင်ငံမှာ သတင်းစာတွေ၊ ဂျာနယ်တွေ ပလူပျံပေါ်ပေါက်လာနေချိန်မှာ စာနယ်ဇင်းလောကထဲကို အပြိုင်အဆိုင်တိုးဝှေ့ ဝင်ရောက်နေ ကြ တာကို သတိထားမိပါတယ်။ အသံဖမ်းစက်တွေကိုယ်စီနဲ့ အလုအယှက်သတင်းရယူနေကြတဲ့ လူငယ်လေး တွေ အမြောက်အများကိုတွေ့ရတာလည်း အားရကျေနပ်စရာ ပါဘဲ။ တက်သစ် စ မီဒီယာ နုနုရွရွတွေ ပေါ်ထွက်လာသလို ကိုယ်ပိုင်မီဒီယာတွေ တည်ထောင်ဖို့အတွက် လုံးပမ်းနေကြတာလည်း မနည်းလှ ပါဘူး။ အတွေ့အကြုံရင့်ကြပ်တဲ့ ဝါရင့် သတင်းသမားတွေလည်း လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်တွေ ရလာတဲ့အတွက် အစွမ်းကုန်ကြိုးစားနေကြတာကို တွေ့ရတာလည်း အားရစရာပါဘဲ။ အချိန်တိုအ တွင်းမှာ သတင်းမီဒီယာတွေ တဟုန်ထိုးကြီးထွားလာ တာဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်အမြစ် တည်လာပြီဆိုတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ လွတ်လပ်စ စာနယ်ဇင်း နည်း စနစ်သစ်ရဲ့အောက် မှာ သတင်းသမားတွေ လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်တွေနဲ့ အညီမပြုကျင့်နိုင် ကြတာကြောင့် အချို့သတင်းသမားတွေဟာ ကလောင်ကိုင်ပြီး ကိုးယိုကားယားနဲ့ ဟိုရှုပ်ရှုပ် ဒီရှုပ်ရှုပ် လုပ်နေတာတွေကိုလည်း ရှိနေပြန်ပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်များစွာအတွင်းမှာ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာတွေဟာ အစိုးရရဲ့ အစိတ် အပိုင်းတစ်ခုအနေနဲ့သာ ရပ်တည်ခဲ့ရတာဖြစ် တဲ့အတွက် ပြည်သူတွေ အဖို့ ပြည်ပသတင်း ဌာနတွေကို မနက်တစ်ခေါက် ညတစ်ခေါက် ရေဒီယိုတွေကနေတဆင့် နားဆင်ကြရတယ်။ ထိမ်းချုပ်မှုအောက်မှာ လည်ပတ်နေ ရတဲ့ ပုဂ္ဂလိက ဂျာနယ်တွေရဲ့ စီးပွားရေးသတင်းတွေ၊ အားကစားသတင်းတွေ၊ နိုင်ငံတစ်ကာသတင်းလောက်နဲ့ဘဲ ကျေနပ်ခဲ့ကြရတယ်။ အခုတော့ လွန်ခဲ့တဲ့ နှစ်ကနဲ့တောင်မတူ။ နေ့စဉ်သတင်းတွေ၊ အပတ်စဉ်ဂျာနယ်တွေအပြင် အင်တာနက် ကနေလည်း သတင်းတွေကို အလွယ်တကူရယူနိုင်ကြပြီ။ တစ်နှစ်ကျော်အတွင်း ထူးခြားပေါ်လွင်တဲ့ အပြောင်းအလဲကြီးတွေကို သတင်းမီဒီယာတွေကနေ မီးမှောင်းထိုးပေးရုံတင် မက သတင်းမီဒီယာတွေကိုယ်နှိုက်ကလည်း အပြောင်းအလဲရဲ့ သက်သေလက္ခဏာ တွေဖြစ်လာပါတယ်။

သတင်းမီဒီယာတွေကျယ်ပြန့်လာတဲ့အလျောက် ဝန်ထမ်းတွေလည်း အစဉ်အမြဲတိုးပွားလာနေတာ ကိုတွေ့ရပါတယ်။ မီဒီယာတစ်ခုစီမှာ ပြည်တွင်းဝန်ထမ်း လေး-ငါးဆယ်ကနေ ရာကျော် အထိ ရှိလာတယ်။ စာနယ်ဇင်းလောကဟာ စီးပွားရေးယန္တယားတစ်ခုဖြစ်လာပြီး ပညာတက်လူငယ်တွေအ တွက် အခွင့်အလမ်းကောင်းတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် မျက်စိကျ စရာလည်းဖြစ်လာပါ တယ်။ သတင်းသမားတွေကလည်း အရင်ကလို လွယ်အိတ်တစ်လုံး ပုခုံးဇောင်းပေါ်တင်ပြီး ဘေးဘီလွတ်တဲ့ သတင်းတွေကို မနည်းကြုံးရုန်းရှာဖွေရတဲ့ဘဝ မဟုတ်တော့ ဘူး။ ပတ်ဝန်းကျင်မှာ ရေးချင်စရာ သတင်းတွေနဲ့ပြည့်နေတယ်။ လူတွေသိသင့်သိထိုက်တဲ့ သတင်းတွေကိုလည်း အလွယ် တကူရယူနိုင်ပါတယ်။ မီဒီယာတွေကလည်း ဝန်ထမ်းတွေ ကို နောက်ဆုံးပေါ် အသံဖမ်းစက်တွေ၊ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေ၊ ကွန်ပြူတာတွေနဲ့ ပြည့်ပြည့်စုံစုံ စီစဉ်ထားပေးတယ်။

ဒါကြောင့်စာနယ်ဇင်းလောကထဲကို အချို့ကဝါသနာအရဝင်ရောက်လာကြသလို၊ အချို့ဘဝရပ်တည် ရေးအတွက်လည်း ရောက်ရှိလာကြပါတယ်။ စာနယ်ဇင်းပညာကို ဘာသာရပ် တစ်ရပ်နေ နဲ့ စတင်လေ့လာဖို့အခွင့်အရေးတွေရလာသလို တချို့လူသစ်တွေအနေနဲ့ အတွေ့အကြုံမရှိဘဲ အလုပ်သင်အဖြစ်နဲ့ စတင်လုပ်ကိုင်လာကြပါတယ်။ ဒါကြောင့် ကျင့်ဝတ်ပိုင်းဆိုင် ရာမှာ အထစ် အငေါ့ လေးတွေဖြစ်လာပါတယ်။ အတွေ့အကြုံနုနယ်နေသေးတဲ့ လူသစ်တွေဟာ ကျင့်ဝတ်တွေကို မသိနား မလည်လို့ချိုးဖောက်ကြတာမျိုးတွေရှိတက်ပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ သတင်းမီဒီယာကို ဝါဒဖြန့်ဖို့ ကိုင်တွယ်လာတာတွေကတော့ မြန်မာနိုင်ငံအနာဂ္ဂါတ် ဒီမိုကရေစီစနစ် ဆက်လက်ရှင် သန်ရေးနဲ့ နိုင်ငံတော် ဖွဲ့ဖြိုးတိုးတက်ရေးအတွက် အဆိပ် အတောင်တွေဖြစ် လာပါတော့တယ်။

ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းများစွာ ကျယ်ကျယ်ပျံ့ပျံ့ကျင့်သုံးလာခဲ့ကြတဲ့ နိုင်ငံတွေမှာတောင် သတင်းမီဒီယာတွေကို အသုံးချပြီး တစ်ဖက်ဇောင်းနှင်း ဝါဒဖြန့်တာတွေ မကြာခဏတွေ့ရတတ် ပါတယ်။ ဒါတွေဟာလည်း သတင်းသမားတွေနဲ့ သတင်းမီဒီယာတွေကို ချုပ်ကိုင်ထားသူတွေရဲ့ ကျင့်ဝတ်ပိုင်းနဲ့ သက်ဆိုင်ပါတယ်။ ရှေရှည်မှာ မှန်မှန်ကန်ကန်ရပ်တည်တဲ့ သတင်းမီဒီယာတွေ သာလျှင် အောင်အောင်မြင်မြင်နဲ့ ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် မရိုးမသားကျင့်ကျန်တဲ့ သတင်းမီဒီယာတွေက အချိန်တန်ရင် မှေးမှီသွားမှာဖြစ်ပေမယ့် လူ့အသိုင်းဝိုင်း အတွင်း မှာ ပြဿနာ မျိုးစုံကို မျိုးစေ့ချခဲ့ပါလိမ့်မယ်။ ဒါကြောင့် သတင်းသမားတွေအနေနဲ့ သစ္စာ -သမာဓိ ရှိဖို့လိုအပ် ပါတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ စာနယ်ဇင်းလောက က အခြေခံအားဖြင့် လိုက်နာကျင့် သုံးကြတဲ့ မှန်ကန်မှု၊ တိကျမှု၊ ဘက်မလိုက်မှု၊ ပြီးပြည့်စုံမှု၊ မျှတမှု၊ တာဝန်ယူမှု ဆိုတဲ့ သတင်းသမားတွေရဲ့ ကျင့်ဝတ်တွေကို အစဉ်တစိုက် လက်စွဲကျင့်သုံးနိုင်ဖို့လိုအပ်တယ်။

သတင်းသမားတွေအနေနဲ့ အမှားမှားအယွင်းယွင်းတွေထုတ်လွင့်တာတွေ၊ ချဲ့ထွင်ပြီး ပိုပိုသာသာ ရေးသားတာတွေ၊ ထိမ်ချန်ထားတာတွေ၊ တစ်ဘက်ဇောင်းနှင်းရေးသားတာတွေ၊ စာရေးသူ ရဲ့ အာဘော်နဲ့ သုံးသပ်ချက်တွေ ပူးတွဲရေးသားတာတွေကို ရှောင်ရှားသင့်ပါတယ်။ အင်တာနက်မှာ သတင်းတွေ တင်လိုက် ပြန်ဖြုတ်လိုက်၊ ပြန်ပြင်လိုက်နဲ့ စည်းမဲ့ကမ်းမဲ့ လုပ်နေကြ တာကို တက်သစ်စ သတင်းမီဒီယာတွေအကြားမှာ အများဆုံးတွေ့ရပါတယ်။ တစ်ချို့ကြပြန်တော့ သတင်းရေးသလိုလို ဆောင်းပါရေးသလို နဲ့ သတင်းတွေထဲမှာ စာရေးသူရဲ့ အာဘော်တွေ၊ ထင်မြင်ယူဆချက်တွေ ရောထွေးရေးသားကြပါတယ်။ အဆိုးဆုံးကတော့ ဘာသာရေးနဲ့ လူမျိုးရေးကိစ္စတွေနဲ့ ပတ်သက်လာရင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ဘက်ကနေ ရပ်တည်ရေး သားနေကြမယ်ဆိုရင်တော့ အမှန်တရားတွေကို ဖုံးအုပ်မိမှာဖြစ်ပါတယ်။ စာဖတ်သူတွေရဲ့စိတ်ထဲမှာ ဇဝေဇဝါ သံသယတွေဖြစ်အောင်ဖန်တီးမိမှာဖြစ်ပါတယ်။ သတင်း အမှားတွေကြောင့် မှားယွင်းစွာ သုံးသပ်ကြမှာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းမှန်ရဖို့အတွက် ထုတ်ဝေသမျှသတင်းစာတွေ၊ ဂျာနယ်တွေ လိုက်ဖတ်နေရရင် တစ်နေ့တစ်နေ့ သတင်းထိုင်ဖတ်ဖို့အချိန်တောင်လောက်မှာမဟုတ်ဘူး။ ဒါပေမယ့် သေခြာတာကတော့ သတင်းသမားတွေဟာ မီဒီယာကျင့်ဝတ်နဲ့အညီ မပြုကျင့်နေသမျှကာလပတ်လုံး အကြောင်းအရာတစ်ခုကို သတင်းမီဒီယာတစ်ခုတည်း က ရေးသား ထုတ်ဖော်တဲ့ သတင်းတွေကို ပုံအော် ယုံမှတ်လို့မရနိုင်ဘူးဆိုတာပါဘဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s