မိတ္ထီလာအကြမ်းဖက်မှုနဲ့ပတ်သက်သူတချို့ကို မကြာခင် ရုံး တင်မည်

ရန်ကုန်မြို့တွင်း  ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူနေစဉ်။
ရန်ကုန်မြို့တွင်း ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူနေစဉ် (ဓာတ်ပုံ AP)

မကြာသေးခင်တုန်းက မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လူအများအပြားကို ဖမ်းဆီးထားပြီး မကြာခင်မှာ ရုံးထုတ် စစ်ဆေးဖို့ စီစဉ်နေပါတယ်။ လူသေဆုံးမှုတွေ အိုးအိမ် အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ကြုံခဲ့ရပြီးတော့နောက် ဒုက္ခရောက်ခဲ့ရသူတွေကတော့ ယာယီခိုလှုံ ရာ စခန်းတွေမှာ နေထိုင်နေကြ ရဆဲပါ။ မိတ္ထီလာမြို့ရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့တော့ ကိုအောင်လွင်ဦး က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မကြာသေးခင်တုန်းက သွေးထွက်သံယို တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်ပြီး တာဝန်ရှိသူတွေအဖြစ် သံသယရှိသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီး အစောဆုံး ဒီသီတင်းပတ်ထဲမှာ ရုံးတင် စစ်ဆေးတော့မှာ ဖြစ်တဲ့အကြောင်း မိတ္ထီလာ တရားရုံးက ပြောပါတယ်။ ဖမ်းဆီးထားတဲ့ လူတွေထဲက ၄၀ ကျော်ကိုတော့ အခုအခါ အာဏာပိုင်တွေက ဆူပူမှုတွေနဲ့ ဆက်နွယ်တဲ့ အမှုတွေ နဲ့ ရုံးတင် စစ်ဆေးဖို့ စီစဉ်ထားတာလို့လည်း မိတ္ထီလာမြို့က တရားရေးဝန်ထမ်း တဦးကပြောပါတယ်။

“အမှုအရေအတွက်ကတော့ ၁၁ဦးလောက် ရမန်ယူထားတယ်လေ။ ၁၁မှုယူထားတယ်။ လူပေါင်း ၄၁ယောက်၊ ကျမတို့က တရားစွဲအဖွဲ့အစည်းမဟုတ်ဘူးလေ။ ရုံးတင် တဲ့ဟာလောက် ပဲပေါ့နော့်။ ရမန်ယူထားတာလေ။ သူတို့က ၂၂ရက်နေ့ကစပြီး ရမန်ယူတာပေါ့နော်။ ၁၁ရက်နေ့အထိ။”

မိတ္ထီလာမြို့မှာ ဈေးရောင်းသူနဲ့ ဈေးဝယ်သူကြား စကားများရာက ပဋိပက္ခတွေ ကြီးထွားလာရာမှာတော့ အနီးအနားမြို့တွေ သာမက ပဲခူးတိုင်း အနောက် ဖက်ခြမ်းက မြို့အတော် များများ အထိ ပျံ့ နံှ့ခဲ့တာပါ။ ဒီအတွက် လည်း ပြဿနာတွေ အစပြုခဲ့တဲ့ ရွှေဆိုင်က ၀န်ထမ်း ၃ ဦးကိုပါ ဖမ်းဆီး ထားပြီး မနက်ဖြန် ရုံးထုတ်ဖို့ စီစဉ်ထားတယ်လို့လည်း မိတ္ထီလာမြို့က တရားရုံး ၀န်ထမ်းကပြောပါတယ်။

“ ရွှေဆိုင်က လူသုံးယောက်ပါ ပါတယ်။ သူတို့ကို မနက်ဖြန်အထိ ရမန်ယူထားတယ်။ ငါးရက်နေ့အထိ။”

သွေးထွက်သံယို ဆူပူမှုတွေ မိတ္ထီလာမြို့နယ် အနီးအနား ဒေသတွေကိုပါ ပျံ့နှံ့ကြီးထွားလာရာက အစိုးရက အရေးပေါ် အခြေအနေ ကြေညာပြီး အခြေအနေကို ထိန်းသိမ်းခဲ့တာပါ။ ဒီနောက် မှာတော့ စစ်တပ်အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်မှုအောက် မိတ္ထီလာမြို့ရဲ့ အခြေအနေဟာ တည်ငြိမ်မှု ရှိနေပြီလို့ အစိုးရပိုင် သတင်းစာတွေက ဖော်ပြပါတယ်။

မိတ္ထီလာမြို့ခံတယောက်ကတော့ အခြေအနေတွေဟာ ပုံမှန်ပြန်ဖြစ်စပြု လာနေပေမဲ့ ဒေသခံတွေကြား စိုးရိမ်မှုတွေကတော့ လွှမ်းမိုးနေဆဲပဲ လို့ ပြောပါတယ်။

“မိထ္ထီလာဘက်က အခြေအနေကတော့ သူတို့ တပ်မတော်ဘက်က ကားတွေ ကတော့ ညပိုင်းတွေဆိုရင် လုံခြုံရေးအခြေအနေအရ ပတ်တော့ပတ်တယ်။ ကျနော်တို့ရပ်ကွက်မှာရှိတဲ့ လူထုတွေကတော့ ကိုယ့်ရပ်ကွက်မှာ ကိုယ့် လမ်းထိပ် မှာ စောင့်နေကြတယ်။ ဒါပေမဲ့ သူတို့က အရင် လိုတော့ စောင့်ခွင့် မပေးတော့ဘူး။ ရပ်ကွက်တရပ်ကွက်၊ လမ်းထိပ်တထိပ်ကို သုံးယောက်လောက် ပဲ စောင့်ခွင့်ပေး တယ်။ လောလောဆယ် အခြေအနေကတော့ စိတ်ချရတဲ့ အခြေအနေလို့ ပြောလို့ရတယ်။ တပ်မတော်သားတွေ စောင့်ကြပ်လို့ ဈေးတွေ ဘာတွေတော့ ဖွင့်ထားပြီ။ ဒါပေမဲ့ လူထုတွေမှာတော့ စိုးရိမ်စိတ်လေးတွေ နည်းနည်း ကျန်နေသေးတယ်ခင်ဗျ။”

ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခအတွင်းမှာတော့ အစ္စလာမ် ဘာသာဝင် အများစု အပါအ၀င် လူပေါင်း ၄၃ ယောက် သေဆုံးပြီး၊ ၁ သောင်းကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီကျောင်းတွေ အပါအ၀င် အဆောက်အဦးတွေ အိုးအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုတွေအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရတဲ့ မူဆလင် အများအပြား ကတော့ မိတ္ထီလာမြို့က ယာယီခိုလှုံရာ စခန်းတွေမှာ နေထိုင်နေ ကြရဆဲဖြစ်ပြီး ပြည်တွင်း၊ ပြည်ပက ကူညီထောက်ပံ့မှုတွေ နဲ့ နေထိုင်နေကြရ တာပါ။ ဒုက္ခသည်တွေနဲ့ မြို့ခံတွေကြား စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့ အတွက်လည်း လုံခြုံရေး အာဏာပိုင်တွေက ဒုက္ခသည်တွေကို အနီးကပ် စောင့်ကြည့်နေ ရတယ်လို့ စေတနာ့ဝန်ထမ်း အကူအညီပေးနေတဲ့ မိတ္ထီလာမြို့ခံက ပြောပါတယ်။

“ဒုက္ခသည်စခန်း ခြောက်ခုဖွင့်ထားတယ်ခင်ဗျ။ ဒုက္ခသည်စခန်းခြောက်ခုမှာ အစ္စလာမ်ဘာသာဝင်တွေအကုန်လုံး၊ အရင်တုန်းက လူတွေရှိတယ်။ နောက်ပြီးတော့ တချို့ မြို့ထဲက ရပ်ကွက် အနည်းစုမှာ ကျန်နေတဲ့သူတွေကိုလည်း ကျိုကြား ကျိုကြား ကျန်နေသေးတဲ့ အစ္စလာမ်ဘာသာဝင်တွေကိုလည်း တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ရပ်ကွက်က အုပ်ချုပ်ရေး အဖွဲ့တွေပေါင်း ပြီး တော့ မင်းတို့ အိမ်တွေမှာ နေခွင့်မပေးဘူး။ မင်းတို့ မနေရဘူးဆိုပြီး လိုက်လံခေါ်ထုတ်ပြီး ဒုက္ခသည်စခန်းတွေထဲ ပြန်ပို့နေရ တာတွေလည်း ရှိနေသေးတယ်။”

မိတ္ထီလာမြို့က ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုတွေ ကြုံခဲ့ရတဲ့ ရန်ကုန်မြို့မှာလည်း တိုက်တိုက်ဆိုင်ဆိုင် အစ္စလာမ်ဘာသာရေးကျောင်း မီးလောင်ပြီး ကလေး ၁၃ ယောက်အထိ သေဆုံးခဲ့တဲ့ အတွက် လည်း လုံခြုံရေးတွေ တိုးမြှင့်ခဲ့တာပါ။ ဒီမတိုင်မီမှာလည်း ဘာသာရေး အခြေခံတဲ့ ဆူပူမှုတွေဖြစ်ပွားအောင် လှုံ့ဆော်မှုတချို့ရှိခဲ့တဲ့အတွက် အခုအခါ အာဏာပိုင်တွေက မြို့ခံတွေ ကို လုံခြုံရေးအတွက် သတိရှိကြဖို့ နှိုးဆော်ထားတဲ့အကြောင်း ရန်ကုန်မြို့က စာရေးဆရာ မောင်သွေးသစ် ကပြောပါတယ်။

“ ကိုယ်ရပ်ကွက် ကိုယ်တာဝန်ယူ ဆိုတာက အရင်တုန်းက ၈၈တုန်းကလိုပဲ ပေါ့ဗျာ။ ကိုယ့်လမ်းမှာ ကိုယ်လုပ်တဲ့အခါကျတော့ လူစိမ်းသူစိမ်း ဝင်လာရင်လည်း သိတယ်ပေါ့ဗျာ။ တာဝန်ယူပါ ဆိုတာ ကတော့ ဖိအားပေးတဲ့ သဘောမျိုးတော့မဟုတ်ဘူး။ များသောအားဖြင့် ကိုယ့်ရပ်ကွက်တွေ ကိုယ် ညဘက်ကိုပေါ့ဗျာ။ ယူဖို့ပေါ့ဗျာ။ ယူတဲ့အတွက် မလိုလားအပ် တဲ့ပြဿနာတွေ မဖြစ် ဘူးပေါ့။ နောက် ညကြီးသန်းခေါင် လူစိမ်းဝင်လာရင်လည်း သိတယ်ပေါ့ဗျာ။ ဒါ ကြိုတင်ကာကွယ်တဲ့ သဘောပဲဗျ။”

ရန်ကုန် ၄၈ လမ်း မီးလောင်မှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတချို့ကိုတော့ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေပြီး ရန်ကုန်တိုင်း အစိုးရကတော့ အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ ဖွဲ့စည်းခဲ့တာပါ။ အလားတူ မိတ္ထီလာမြို့က ဆူပူမှုတွေနဲ့ ပတ်သက်လို့လည်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မျိုး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တရပ် ကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ကိုအောင်လွင်ဦး | VOA

Leave a comment